PSM(News)

ဇွန် ၁၂၊ ၂၀၂၆

အာဏာလုယူထားပြီး သမ္မတဖြစ်လာသူ ဦးမင်းအောင်လှိုင်သည် တရုတ် သမ္မတ ရှီကျင့်ဖျင်၏ ဖိတ်ကြားချက်အရ လာမည့် ဇွန်လ ၁၅ ရက်မှ ၁၉ ရက်အထိ တရုတ်နိုင်ငံသို့ သွားရောက်မည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ယနေ့ ဇွန်လ ၁၂ ရက်တွင် ကြေညာသည်။

ယနေ့ ဇွန် ၁၂ ရက်နေ့ သောကြာနေ့တွင် ပြုလုပ်သည့် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပုံမှန် သတင်းစာရှင်းလင်းပွဲတွင် ပြောရေးဆိုခွင့်ရှိသူ လင်ကျန့် (Lin Jian) က အာဏလုသမ္မတ၏ ခရီးစဉ်ကို အတည်ပြု ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

ယခုတရုတ်ခရီးစဉ်သည် စစ်ခေါင်းဆောင် မင်းအောင်လှိုင် အာဏာလု သမ္မတအဖြစ် တာဝန်ယူပြီး နောက်ပိုင်း ပြီးခဲ့သည့်အပတ်က သွားရောက်ခဲ့သည့် အိန္ဒိယခရီးစဉ်အပြီး ဒုတိယမြောက် ပြည်ပခရီးစဉ် ဖြစ်လာမည် ဖြစ်သည်။

မြန်မာနိုင်ငံအပေါ် ဩဇာအရှိဆုံး ဖြစ်လိုသည့် တရုတ်နိုင်ငံသည် အာဏာလုသမ္မတနှင့် အိန္ဒိယ နိုင်ငံတို့အကြား စစ်ရေး၊ စီးပွားရေး ပိုမိုနီးကပ်သွားမည်ကို စိုးရိမ်လျက်ရှိသည်။

ထို့ကြောင့် ၎င်းတို့၏ တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ (CMEC) အပါအဝင် အကျိုးစီးပွားများကို အိန္ဒိယထက် ဦးစားပေးအဆင့်တွင် ဆက်ရှိနေစေရန် အိန္ဒိယခရီးစဉ်အပြီး ၁၂ ရက်အကြာတွင် ပေကျင်းသို့ လာရောက်ရန် အမြန်စီစဉ် လိုက်ခြင်း ဖြစ်နိုင်ကြောင်း နိုင်ငံရေးနှင့် စစ်ဘက် အကဲခတ်များ၏ သုံးသပ်သည်။

ကမ္ဘာ့အကြီးဆုံး ဒီမိုကရေစီနိုင်ငံဖြစ်သည့် အိန္ဒိယက အာဏာလုသမ္မတကို တရားဝင် လက်ခံကြိုဆိုကာ ကာကွယ်ရေး၊ နယ်စပ်လုံခြုံရေးနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုများကို မိုဒီ အစိုးရနှင့် ဆွေးနွေးခဲ့ပြီးနောက် တရုတ်ဘက်က ကစားကွက် ပြောင်းလဲလာခြင်း ဖြစ်နိုင်ကြောင်း နိုင်ငံရေး အကဲခတ် များက ဆိုသည်။

အိန္ဒိယက အာဏာလုသမ္မတကို တရားဝင် လက်ခံလိုက်သည့်အတွက် တရုတ်ဘက်ကလည် ၎င်းတို့၏ ဆက်ဆံရေး ပိုမိုခိုင်မာကြောင်း ပြသရန် “နိုင်ငံတော်အဆင့် ခရီးစဉ်” အဖြစ် အမြန်ဖိတ်ကြားခြင်း ဖြစ်နိုင်ကြောင်း နိုင်ငံရေးအကဲခတ်များက သုံးသပ်ထားသည်။

By Htet Ko