PSM (NEWS) ဇွန် ၁၃၊ ၂၀၂၆ တရုတ်နိုင်ငံအနောက်မြောက်ပိုင်း ရှင်းကျန်းဒေသနှင့် အနီးတစ်ဝိုက်ရှိ ရပ်ရွာလူထုအနေဖြင့် ယခုနှစ် နွေရာသီတွင် အပူချိန် အလွန်အမင်း မြင့်တက်ခြင်း၊ မိုးသည်းထန်စွာရွာသွန်းခြင်းနှင့် ရေခဲမြစ်များ လျင်မြန်စွာ အရည်ပျော်ခြင်းတို့ကြောင့် ဖြစ်ပေါ်လာမည့် “အလွန်အမင်း ပြင်းထန်သည့် ရေကြီးမှုများ” အတွက် ကြိုတင်ပြင်ဆင်ထားရန် တရုတ်အာဏာပိုင်များက သောကြာနေ့တွင် သတိပေးချက် ထုတ်ပြန်ခဲ့သည်။ တရုတ်နိုင်ငံ၏ အကြီးဆုံးသဲကန္တာရဖြစ်သည့် ရှင်းကျန်းရှိ တက်ကလာမာကန် သဲကန္တာရတွင် ဇွန်လအစောပိုင်း၌ ယခုနှစ်၏ ပထမဆုံးသော ရေကြီးမှုဖြစ်စဉ် ဖြစ်ပွားခဲ့ကြောင်း တရုတ်နိုင်ငံပိုင် CCTV သတင်းဌာနက သောကြာနေ့တွင် ဖော်ပြခဲ့သည်။ သာမန်အားဖြင့် ခြောက်သွေ့နေလေ့ရှိသော သဲကန္တာရအတွင်း ရေများ ပြည့်လျှံနေသည့် ရုပ်သံမှတ်တမ်းများကိုလည်း ထုတ်လွှင့်ပြသခဲ့သည်။ တက်ကလာမာကန်သဲကန္တာရတွင် ၂၀၂၁ ခုနှစ်ကတည်းက အလားတူ ရေကြီးမှုများ ဖြစ်ပွားခဲ့ဖူးသော်လည်း ယင်းဖြစ်စဉ်များသည် ပုံမှန်အားဖြင့် အပူချိန်အမြင့်ဆုံးဖြစ်သည့် သြဂုတ်လတွင်သာ ဖြစ်ပွားလေ့ရှိသည်။ သို့သော်လည်း ယခုနှစ်တွင် အပူချိန်များမှာ ပိုမိုစောစီးစွာ မြင့်တက်လာခဲ့သည်။ ထို့ပြင် ရှင်းကျန်းဒေသ အနောက်ပိုင်းနှင့် တောင်ပိုင်းတို့တွင် မိုးရွာသွန်းမှု ပိုမိုများပြားလာသည်။ အချို့သောဒေသများတွင် မိုးရေချိန်သည် ဇွန်လအစောပိုင်းအတွက် သမိုင်းဝင် ပျမ်းမျှမိုးရေချိန်ထက် နှစ်ဆ သို့မဟုတ် သုံးဆအထိ ရှိနေကြောင်း CCTV က ဖော်ပြသည်။ ပြင်းထန်သော အပူချိန်နှင့် မိုးရွာသွန်းမှုတို့ ပေါင်းစပ်မိခြင်းသည် သဲကန္တာရအတွင်း ရေကြီးမှုကို ဖြစ်ပေါ်စေခဲ့သည်။ တီယန်ရှန်နှင့် ကွန်လွန်တောင်တန်းများရှိ ရေခဲမြစ်များနှင့် ဆီးနှင်းများ အမြောက်အမြား အရည်ပျော်ကျလာမှုကြောင့် ရေစီးကြောင်းများသည် တရုတ်နိုင်ငံ၏ အရှည်လျားဆုံး ကုန်းတွင်းရေလမ်းကြောင်းဖြစ်သည့် တာရင်မြစ်အတွင်းသို့ စီးဝင်သွားခဲ့သည်။ ယင်းကြောင့် မြစ်ရေလျှံတက်ကာ သဲကန္တာရ၏ နိမ့်ကျသောနေရာများအတွင်းသို့ ရေများ ဝင်ရောက်ခဲ့သည်။ ယင်းရေကြီးမှုများသည် ခေတ္တမျှသာဖြစ်သော အိုအေစစ်များကို ဖန်တီးပေးနိုင်သော်လည်း တက်ကလာမာကန်သဲကန္တာရသည် ကုန်းတွင်းပိုင်း ကျရောက်နေပြီး တောင်တန်းများဖြင့် ဝန်းရံထားသောကြောင့် စိုထိုင်းဆနည်းပါးကာ ရေငွေ့ပျံနှုန်း မြင့်မားသဖြင့် ရေများမှာ လျင်မြန်စွာ ခန်းခြောက်သွားမည်ဖြစ်ကြောင်း ကျွမ်းကျင်သူများက ဆိုသည်။ ရေများသည် ဒေသတွင်း သစ်တောများအတွက် အရေးပါသော ဆည်မြောင်းရေအဖြစ် အထောက်အကူပြုနိုင်သော်လည်း အခြေခံအဆောက်အအုံများအတွက်မူ ပြင်းထန်သော ဘေးအန္တရာယ်များ ရှိနေကြောင်း တာဝန်ရှိသူများက သတိပေးသည်။ ကိုးကား-Reuters Post navigation ရွှေ့ပြောင်းနေထိုင်သူများသည် ကိန်းဂဏန်းများမဟုတ်၊ လူသားများသာဖြစ်ကြောင်း ပုပ်ရဟန်းမင်းကြီး မိန့်ကြား