PSM(NEWS) ဇွန် ၁၃ ၊ ၂၀၂၆ စင်ကာပူနိုင်ငံရှိ စစ်ဘက်ဆိုင်ရာ အကာအကွယ်ပေးထားသည့် နယ်မြေများဖြစ်သော SAFTI စစ်ဘက်ဆိုင်ရာ အင်စတီကျုနှင့် ပါဆာလာဘာ (Pasir Laba) စခန်းတို့အား ဒရုန်းဖြင့် ခွင့်ပြုချက်မရှိဘဲ ပျံသန်းရိုက်ကူးခဲ့သည့် ထိုင်းနိုင်ငံသား ဓာတ်ပုံဆရာတစ်ဦးကို စင်ကာပူတရားရုံးက ဒေါ်လာ ၁၅,၀၀၀ (အမေရိကန်ဒေါ်လာ ၁၂,၀၀၀ ခန့်) ဒဏ်ငွေရိုက်ခဲ့ကြောင်း သိရသည်။ အသက် ၃၂ နှစ်အရွယ် ဓာတ်ပုံဆရာ ပရာယွတ် ရစ်တစ်ချိုင်ပွန်ကူးသည် လေကြောင်းသွားလာရေးဆိုင်ရာ ဥပဒေနှင့် ဒရုန်းအသုံးပြုမှုဆိုင်ရာ စည်းမျဉ်းများအရ ပြစ်မှုနှစ်ခုဖြင့် ဝန်ခံခဲ့သည်။ ဖြစ်စဉ်မှာ ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၁ ရက်နေ့တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ပရာယွတ်သည် စင်ကာပူနိုင်ငံ၊ ဂျူးကွန်း ရှိ ကုမ္ပဏီရုံးခွဲတစ်ခုအတွက် စျေးကွက်မြှင့်တင်ရေး ဗီဒီယိုနှင့် ဓာတ်ပုံများ ရိုက်ကူးရန် ရောက်ရှိနေစဉ် ဒရုန်းကို အသုံးပြုခဲ့ခြင်းဖြစ်သည်။ ၎င်းသည် ဒရုန်းပျံသန်းမှုအတွက် လိုအပ်သည့် တရားဝင်ခွင့်ပြုချက် လက်မှတ်များ မရှိခဲ့ပေ။ ဒရုန်းကို ၂၆ မိနစ်ကြာ ပျံသန်းခဲ့ရာတွင် ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၁,၅၀၅ (၄၅၉ မီတာ) အထိ မြင့်တက်ခဲ့ပြီး အဆိုပါ ပျံသန်းမှုအတွင်း စစ်ဘက်ဆိုင်ရာ နယ်မြေများအတွင်းသို့ ကျူးကျော်ဝင်ရောက်မိခဲ့သည်။ နံနက် ၈ နာရီ ၂၃ မိနစ်တွင် စင်ကာပူလေတပ်မှ အမည်မသိ ဒရုန်းတစ်စင်း ပျံသန်းနေသည်ကို တွေ့ရှိခဲ့ပြီးနောက် အရပ်ဘက်လေကြောင်းအာဏာပိုင်အဖွဲ့ (CAAS) သို့ အကြောင်းကြားခဲ့ခြင်းဖြစ်သည်။ ရဲတပ်ဖွဲ့က ဒရုန်းအား သိမ်းဆည်းစစ်ဆေးခဲ့ရာတွင် စုစုပေါင်း ဗီဒီယိုမှတ်တမ်း ၁၈ ခုရှိပြီး သုံးခုမှာ စစ်ဘက်ဆိုင်ရာ နယ်မြေအစိတ်အပိုင်းများ ပါဝင်နေသည်ကို တွေ့ရှိခဲ့ရသည်။ စင်ကာပူနိုင်ငံ၏ ဥပဒေအရ ခွင့်ပြုချက်မရှိဘဲ စီးပွားရေးလုပ်ငန်းအတွက် ဒရုန်းအသုံးပြုခြင်း သို့မဟုတ် အကာအကွယ်ပေးထားသည့် နယ်မြေများအပေါ် ပျံသန်းခြင်းအတွက် ဒဏ်ငွေ အများဆုံး စင်ကာပူဒေါ်လာ ၅၀,၀၀၀ သို့မဟုတ် ထောင်ဒဏ် နှစ်နှစ်အထိ ချမှတ်နိုင်ကြောင်း သိရှိရသည်။ ကိုးကား-CNA Post navigation ထိုင်းမင်းသမီး ဘဂျရာကီတီယာဘာ ကွယ်လွန် ရွှေ့ပြောင်းနေထိုင်သူများသည် ကိန်းဂဏန်းများမဟုတ်၊ လူသားများသာဖြစ်ကြောင်း ပုပ်ရဟန်းမင်းကြီး မိန့်ကြား