PSM (News) မေ ၁၃၊ ၂၀၂၆ မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်ရှိ ကာကွယ်ရေးပစ္စည်းစက်ရုံ ကပစ-၂၂ မှ ထွက်ခွာလာသည့် အင်အား ၅၀၀ ကျော်ပါ စစ်အုပ်စုစစ်ကြောင်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်အုပ်စုဘက်မှ ခုနစ် ဦးသေဆုံးပြီး ၃၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း ပေါက်မြို့နယ် ပကဖ ထံမှ သိရသည်။ ပေါက်-ဆိပ်ဖြူလမ်းနှင့် ပုသိမ်-မုံရွာ လမ်းဆုံအနီးရှိ တယ်ပင်ကန်ကျေးရွာတောင်ဘက်သို့ ရောက်ရှိလာသည့် အဆိုပါစစ်ကြောင်းကို ပြီးခဲ့သည့် မေ ၇ ရက် နံနက် ၁၀ နာရီခန့်တွင် ကင်းပုန်းဝပ်စောင့်ဆိုင်းနေသည့် တော်လှန်ရေးအင်အားစုများက စတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ထိတွေ့တိုက်ပွဲ ၂ နာရီကြာ ပြင်းထန်စွာ ဖြစ်ပွားခဲ့သည်။ ပြီးခဲ့သည့် မေလ ၂ ရက်နှင့် ၃ ရက်နေ့များတွင် ဆိပ်ဖြူ ကပစ -၂၂ မှ စတင်ထွက်ခွာလာသော အဆိုပါစစ်ကြောင်းသည် မေလ ၇ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် ပေါက်-ဆိပ်ဖြူလမ်းနှင့် ပုသိမ်-မုံရွာ လမ်းဆုံအနီးရှိ တယ်ပင်ကန်ကျေးရွာတောင်ဘက်သို့ ရောက်ရှိလာခဲ့ရာ ကင်းပုန်းဝတ် စောင့်ဆိုင်းနေသည့် တော်လှန်ရေးအင်အားစုများက စတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ တိုက်ပွဲအတွင်း အာဏာသိမ်းစစ်အုပ်စု၏ ကပစ -၂၄ မှ လက်နက်ကြီးများဖြင့် ပစ်ကူပေးခြင်း၊ ဒရုန်းများဖြင့် တိုက်ခိုက်ခြင်းများ ပြုလုပ်ခဲ့သော်လည်း တော်လှန်ရေးတပ်ဖွဲ့များ၏ ခုခံမှုကြောင့် စစ်အုပ်စုဘက်မှ သေဆုံးမှု များပြားခဲ့ခြင်းဖြစ်သည်။ ထို့သို့ တိုက်ခိုက်ခံရပြီးနောက် အဆိုပါစစ်ကြောင်းသည် ယာကြီးပြင် ပျူစောထီးကျေးရွာမှတစ်ဆင့် ပေါက်မြို့ရှိ ကပစ -၂၄ အတွင်းသို့ ဝင်ရောက်သွားခဲ့ကြောင်း သိရသည်။ အဆိုပါစစ်ဆင်ရေးကို ပေါက်မြို့နယ် ပကဖ၊ ပခုက္ကူခရိုင် ပကဖ၊ မြိုင်မြို့နယ် ပကဖ နှင့် MGY PDF တို့က ပူးပေါင်းဆောင်ရွက်ခဲ့ကြခြင်းဖြစ်ပြီး တိုက်ပွဲအတွင်း တော်လှန်ရေးအင်အားစုဘက်မှ ရဲဘော်တစ်ဦး ကျဆုံးခဲ့ရသည်။ ယင်းစစ်ကြောင်းသည် မေလ ၁၂ ရက်တွင် ပေါက်မြို့အနောက်ဘက်မှတစ်ဆင့် အနောက်အရပ်သို့ ဆက်လက်စစ်ကြောင်းထိုး ထွက်ခွာလျက်ရှိကြောင်း သိရသဖြင့် ဒေသခံပြည်သူများအနေဖြင့် စစ်ရေးသတိရှိကြရန် တော်လှန်ရေးအင်အားစုများက တိုက်တွန်းထားသည်။ ဓာတ်ပုံ-ပေါက်မြို့နယ် ပကဖ Post navigation မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲနေသည့် စစ်အုပ်စု သတင်းပေး ၃ ဦးကို ကော့သောင်းပကဖ ဖမ်းဆီး မြန်မာပြည်သူများ၏ ငြိမ်းချမ်းရေးကြိုးပမ်းမှုအပေါ် ထိရောက်စွာ ကူညီရန် သံအမတ်ကြီး ဦးကျော်မိုး ထွန်း ကုလသမဂ္ဂတွင် တောင်းဆို