PSM(News)

မေ ၁၃၊ ၂၀၂၆

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှုကြောင့် ပြည်သူများ ဆိုးရွားသည့် ဒုက္ခများ ခံစားနေရသော်လည်း ငြိမ်းချမ်းရေးအပေါ် မယိုင်မနဲ့ ယုံကြည်နေဆဲဖြစ်ရာ နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် မြန်မာ့အရေး အတွက် ပိုမိုထိရောက်သော အကူအညီများ ပေးအပ်ရန် သံအမတ်ကြီး ဦးကျော်မိုးထွန်းက တိုက်တွန်းပြောကြားလိုက်သည်။

နယူးယောက်မြို့၊ ကုလသမဂ္ဂဌာနချုပ်တွင် မေ ၁၂ ရက်က ကျင်းပသည့် အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓနေ့ အခမ်း အနားတွင် သံအမတ်ကြီးက မြန်မာ့အရေးနှင့် ပတ်သက်၍ အထူးမိန့်ခွန်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

စစ်တပ်၏ ရက်စက်ကြမ်းကြုတ်မှုများကြောင့် မြတ်ဗုဒ္ဓ၏ အဆုံးအမများကို နာယူကျင့်ကြံရန်ပင် စိန်ခေါ်မှုကြီးမားလာပြီး ပြည်သူများမှာ နေရပ်စွန့်ခွာရခြင်းနှင့် ဆင်းရဲမွဲတေမှုဒဏ်ကို ဆိုးရွားစွာ ခံစားနေရကြောင်း သံအမတ်ကြီးက ၎င်း၏မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။

ဆက်လက်၍ သံအမတ်ကြီးက ငြိမ်းချမ်းရေးအတွက် အပြောဖြင့်မဟုတ်ဘဲ အမှန်တကယ် အတူတကွ လက်တွဲလုပ်ဆောင်ကြရန်နှင့် အကျပ်အတည်းအတွင်း ကျရောက်နေသူများကို အမြဲစိတ်နှလုံးသွင်း ပေးကြရန် တိုက်တွန်းခဲ့သည်။

ထို့ပြင် တက္ကဆပ်မှ ဝါရှင်တန်ဒီစီအထိ မိုင်ပေါင်း ၂,၃၀၀ ခရီးရှည် လမ်းလျှောက်ခဲ့ကြသည့် ဆရာတော်၊ သံဃာတော်များ၏ ကြိုးပမ်းမှုသည် ငြိမ်းချမ်းရေး ငတ်မွတ်နေသည့် မြန်မာပြည်သူများအတွက် မျှော်လင့်ချက်နှင့် ခွန်အားကို ဖြစ်စေသည်ဟု သံအမတ်ကြီးက ဆိုသည်။

အနာဂတ် မြန်မာနိုင်ငံ တည်ဆောက်ရေးအတွက် နိုင်ငံတကာမှ ပိုမိုအားကောင်းပြီး ထိရောက်သည့် အကူအညီများ ပေးအပ်ကြရန်နှင့် မြန်မာ့ငြိမ်းချမ်းရေးအတွက် ဝိုင်းဝန်းဆုတောင်းပေးကြရန်လည်း ၎င်းက အလေးအနက် တောင်းဆိုခဲ့သည်။

အဆိုပါ အခမ်းအနားသို့ “Walk for Peace” ခရီးရှည်ကို ဦးဆောင်ခဲ့သည့် ဆရာတော် ဘိက္ခုပညာကာရ နှင့်အတူ မြန်မာဘုန်းတော်ကြီးများဖြစ်သည့် အရှင်သီလနန္ဒာ၊ အရှင်ပါရမ နှင့် အရှင်ကုမုဒါ တို့လည်း တက်ရောက်ခဲ့ကြကြောင်း သိရသည်။

နိဂုံးချုပ်အနေဖြင့် သံအမတ်ကြီးက ကမ္ဘာပေါ်ရှိ လူအများအပေါ် မေတ္တာဖြန့်ဝေကာ ပိုမိုကောင်းမွန်သော ငြိမ်းချမ်းရေးကို အတူတကွ ဖော်ဆောင်ကြရန် တိုက်တွန်းနှိုးဆော်ခဲ့သည်။

ဓာတ်ပုံ-NUG

By Htet Ko

Leave a Reply

Your email address will not be published. Required fields are marked *