PSM (News) မေ ၁၃၊ ၂၀၂၆ မွန်ပြည်တော်လှန်ရေးတပ် (MSRF) သည် ရှေ့ဆက်ဖော်ဆောင်သွားမည့် စစ်ရေးရည်မှန်းချက်များ၊ နယ်မြေစိုးမိုးရေးနှင့် ပြည်သူ့ကာကွယ်ရေးလုပ်ငန်းစဉ်များကို အတည်ပြုချမှတ်နိုင်ခဲ့ပြီး ပြည်သူ အားကိုးရသည့် စနစ်ကျသော လှန်ရေးတပ်အဖြစ် ဆက်လက်တိုက်ပွဲဝင်သွားရန် ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။ မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC) နှင့် MSRF တို့ ပူးပေါင်းစီစဉ်သည့် ၂၀၂၆ ခုနှစ်၊ ပထမအကြိမ် တပ်မှူးများအစည်းအဝေးကို မေလ ၉ ရက်မှ ၁၁ ရက်နေ့အထိ ၃ ရက်ကြာ မွန်ပြည်တော်လှန်ရေးတပ်၏ တပ်ရင်းဌာန ချုပ်၌ ကျင်းပပြုလုပ်ခဲ့စဉ် ယခုကဲ့သို့ အနာဂတ်စစ်ရေးဗျူဟာများ ချမှတ်နိုင်ခဲ့ခြင်း ဖြစ်သည်။ အဆိုပါ အစည်းအဝေးတွင် တပ်ရင်း၊ တပ်ဖွဲ့များနှင့် မဟာမိတ်များအကြား စစ်ရေးလှုပ်ရှားမှုများ ပိုမိုကျစ်လစ်အားကောင်းစေရန်၊ စစ်ဘက်ဆိုင်ရာ ကျင့်ဝတ်များကို တိကျစွာ လိုက်နာစောင့်ထိန်းရန်နှင့် ဒေသတွင်း မဟာမိတ်အင်အားစုများနှင့် စစ်ရေး၊ နိုင်ငံရေးအရ ပိုမိုထိရောက်စွာ ပူးပေါင်းဆောင်ရွက် နိုင်မည့် ဗျူဟာမြောက် လုပ်ငန်းစဉ်များကို ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးအဖြေရှာခဲ့ကြသည်။ ထို့အပြင် ယခင်က လုပ်ဆောင်ခဲ့သည့် စစ်ရေးလှုပ်ရှားမှု အစီရင်ခံစာများကို အသေးစိတ် ပြန်လည် သုံးသပ်ခဲ့ကြပြီး တွေ့ရှိရသည့် အားသာချက်၊ အားနည်းချက်များအပေါ် အခြေခံကာ တပ်ဖွဲ့၏ စစ်ရေး စွမ်းရည် မြှင့်တင်နိုင်ရေး ကိစ္စရပ်များကိုလည်း ဆွေးနွေးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ အစည်းအဝေးသို့ MSFC အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ၊ ဒု-ဥက္ကဋ္ဌ၊ ကာကွယ်ရေးဌာနနှင့် ပြည်ထဲ ရေးဌာနတို့မှ တာဝန်ရှိသူများအပြင် MSRF မှ တပ်ရင်းမှူးများ၊ အရာရှိများနှင့် ရဲဘော်များ တက်ရောက် ခဲ့ကြောင်း သိရသည်။ မွန်ပြည်တော်လှန်ရေးတပ် (MSRF) အနေဖြင့် မွန်ပြည်သူလူထု လိုလားတောင့်တသော ဖက်ဒရယ် ဒီမိုကရေစီစနစ် ပေါ်ထွန်းလာရေးအတွက် ဒေသတွင်း တော်လှန်ရေးအင်အားစုများနှင့်အတူ အရှိန် အဟုန်မြှင့် ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။ ဓာတ်ပုံ-MSRF Post navigation အာဏာလု စစ်အုပ်စု၏ အတုအယောင်ရွေးကောက်ပွဲကို အသိအမှတ်မပြုရန်နှင့် ခိုင်မာသော တာဝန်ခံမှုယန္တရားများ ချမှတ်ရန် NUG တိုက်တွန်း မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲနေသည့် စစ်အုပ်စု သတင်းပေး ၃ ဦးကို ကော့သောင်းပကဖ ဖမ်းဆီး