PSM (NEWS) ဖေဖော်ဝါရီ ၁၃ ၊ ၂၀၂၆ ထိုင်းနိုင်ငံတွင် အလုပ်သမားကတ် (Work Permit) ကိုင်ဆောင်ထားသည့် မြန်မာရွှေ့ပြောင်း အလုပ်သမားများအတွက် မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (CI) ထုတ်ပေးရေး စခန်းများကို လာမည့် ဖေဖော်ဝါရီလ ၁၇ ရက်နေ့မှစတင်ကာ မြို့ကြီး ငါး မြို့တွင် ဖွင့်လှစ်ဆောင်ရွက် ပေးမည်ဖြစ်ကြောင်း စစ်ကော်မရှင်လက်အောက်ခံ အလုပ်သမားသံအရာရှိရုံးက ကြေညာထားသည်။ အဆိုပါ CI ထုတ်ပေးခြင်းလုပ်ငန်းစဉ်များကို ထိုင်းနိုင်ငံရှိ စမုစခွန်၊ စမုပရာကန်၊ ဆူရတ်ဌာနီ၊ ချင်းမိုင်နှင့် ချွန်ဘူရီ တို့တွင် စခန်းများဖွင့်လှစ်ကာ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ CI လျှောက်ထားလိုသည့် အလုပ်သမားများအနေဖြင့် နီးစပ်ရာ 7-Eleven စတိုးဆိုင်များတွင် CI စာအုပ်ဖိုး ကုန်ကျစရိတ်ဖြစ်သည့် ဘတ် ၂,၆၇၀ ကို ပေးသွင်းရမည်ဖြစ်ပြီး ငွေပေးသွင်းစဉ် မိမိသွားရောက်လိုသည့် စခန်းအမည်နှင့် နေ့ရက်ကို တစ်ပါတည်း ရွေးချယ်ရမည်။ ထို့နောက် 7-Eleven မှ ထုတ်ပေးသည့် ပြေစာနှင့်အတူ မိမိရွေးချယ်ထားသည့် နေ့ရက်တွင် သက်ဆိုင်ရာစခန်းသို့ သွားရောက်ပြုလုပ်ရမည်ဖြစ်သည်။ အဆိုပါ CI စခန်းများကို အပတ်စဉ် တနင်္လာနေ့တိုင်းနှင့် မြန်မာသံရုံး (ဗန်ကောက်) က ကြေညာသည့် ရုံးပိတ်ရက်များတွင် ပိတ်ထားမည်ဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။ CI လျှောက်ထားရာတွင် သတ်မှတ်ကုန်ကျစရိတ် ဘတ် ၂,၆၇၀ သာ ကုန်ကျမည်ဖြစ်ပြီး CI ပြုလုပ်ရာတွင် စစ်ကော်မရှင်ဘက်မှ အခွန်ကောက်ခံမှုနှင့် အခြားကန့်သတ်ချက်များ ရှိမရှိကို သတိထား စောင့်ကြည့်ရန် လိုကြောင်း မြေပြင်အလုပ်သမားအရေး ဆောင်ရွက်သူများက တိုက်တွန်းထားသည်။ ထို့ပြင် ပြည်ပရောက်လုပ်သားများ ဝင်ငွေခွန်ပေးဆောင်ထားခြင်း ရှိ/မရှိကို CI သက်တမ်းတိုးခြင်း၊ အသစ်ပြုလုပ်ခြင်းတို့နှင့် ချိတ်ဆက်၍ အကျပ်ကိုင်လာနိုင်သည့် အခြေအနေများလည်း ပေါ်ပေါက် လာနိုင် ကြောင်း အလုပ်သမားအရေး ဆောင်ရွက်သူများက သတိပေးထားသည်။ ဓာတ်ပုံ-အလုပ်သမားသံအရာရှိရုံး #CI #မြန်မာလုပ်သား #ထိုင်းနိုင်ငံ #ရွှေ့ပြောင်းအလုပ်သမား #WorkPermit #PSM_News Post navigation ချင်းတွင်းမြစ်ကြောင်းအတွင်း ကမ်းပါးပြိုမှုနှင့် ဂေဟစနစ်ပျက်စီးစေမည့် ရွှေမျှောလုပ်ငန်းများ မလုပ်ရန် ကနီမြို့နယ် အုပ်ချုပ်ရေးအဖွဲ့ သတိပေး ကံမ္မဈေးအတွင်း စစ်ကော်မရှင် ပူးပေါင်းစစ်ကြောင်း တိုက်ခိုက်ခံရပြီး ၃ ဦးသေဆုံး