PSM(News)

ဖေဖော်ဝါရီ ၁၃ ၊ ၂၀၂၆

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်အတွင်းရှိ ချင်းတွင်းမြစ်ကြောင်းတစ်လျှောက်တွင် ကမ်းပါးပြိုမှုအန္တရာယ်နှင့် ပတ်ဝန်းကျင်ညစ်ညမ်းမှုများ ဖြစ်ပေါ်စေသည့် ရွှေမျှောလုပ်ငန်းများကို လုံးဝ (လုံးဝ) မလုပ်ကိုင်ကြရန် ကနီမြို့နယ် အရေးပေါ်အုပ်ချုပ်ရေး (ဗဟို) အဖွဲ့က  ဖေဖော်ဝါရီ ၁၀ ရက်နေ့ ရက်စွဲဖြင့် သတိပေးထုတ်ပြန်ထားသည်။

ချင်းတွင်းမြစ်ကြောင်းအတွင်း ရွှေမျှောလုပ်ငန်းများ လုပ်ကိုင်နေမှုကြောင့် မြစ်ကမ်းဘေးရှိ ကျေးရွာများတွင် ကမ်းပါးပြိုကျမည့် အန္တရာယ်နှင့် ရင်ဆိုင်နေရသည့်အပြင် ရေကြောင်းကျပ်တည်းမှုများဖြစ်ကာ ကုန်သည်နှင့် ခရီးသွားပြည်သူများ သွားလာရေး ခက်ခဲခြင်း၊ ဂေဟစနစ် ပျက်စီးခြင်းနှင့် ပတ်ဝန်းကျင်ညစ်ညမ်းမှုများ ပိုမိုဖြစ်ပေါ်လာနိုင်သည့်အတွက် ယခုကဲ့သို့ တားဆီးရခြင်းဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် ချင်းတွင်းမြစ်ကြောင်းအတွင်းနှင့် မြစ်ကြောင်း၏ လက်ဝဲ၊ လက်ယာ ပေ ၁၅၀ အတွင်း ရွှေမျှောလုပ်ငန်းများ လုပ်ကိုင်မှုကို တားမြစ်လိုက်ပြီး အဆိုပါ တားမြစ်ချက်ကို လိုက်နာခြင်းမရှိဘဲ ဆက်လက်လုပ်ကိုင်နေသည်ကို တွေ့ရှိပါက ဥပဒေအရ ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

ယခုလုပ်ဆောင်ချက်သည် ဒေသတွင်း သဘာဝပတ်ဝန်းကျင် ရေရှည်တည်တံ့စေရန်နှင့် ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ရန်အတွက်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ကနီမြို့နယ် အရေးပေါ်အုပ်ချုပ်ရေးအဖွဲ့ ခေါင်းဆောင် ရဲဘော်မင်းခေါင် အမည်ဖြင့်  လက်မှတ်ရေးထိုး ထားသည်။ 

ဓာတ်ပုံ-CJ 

ပုံစာ- ကနဲ ကျွန်းများ နှင့် ကားလမ်းပျက်စီးမှုကို တွေ့မြင်ရစဉ်။ 

#ချင်းတွင်းမြစ်ကြောင်း

#ကမ်းပါးပြိုမှု

#ဂေဟစနစ်ပျက်စီး

#ရွှေမျှောလုပ်ငန်းများ 

#ကနီမြို့နယ်အုပ်ချုပ်ရေးအဖွဲ့ 

#PSM_News

By Htet Ko