========= PSM (News) ဖေဖော်ဝါရီ ၁၃၊ ၂၀၂၆ တော်လှန်ရေးလုပ်ငန်းစဉ်များ အရှိန်အဟုန်ဖြင့် အမြန်ဆုံး ပြီးမြောက်အောင်မြင်စေရေးအတွက် တပ်ရင်းအင်အားများ ပြန်လည်စုစည်းရန် ခွင့်လွန်၊ ခွင့်မဲ့ ဖြစ်နေသည့် ရဲဘော်များအားလုံး ပြန်လည် သတင်းပို့ တာဝန်ထမ်းဆောင်ကြရန် ကောလင်းခရိုင် တပ်ရင်းက အကြောင်းကြားစာ ထုတ်ပြန် ထားသည်။ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ် (၁) စစ်ဒေသ ကွပ်ကဲမှု အောက်ရှိ ကောလင်းခရိုင် အမှတ် (၄) တပ်ရင်းမှ ခွင့်လွန်၊ ခွင့်မဲ့ ဖြစ်နေသည့် ရဲဘော်များအနေဖြင့် ဖေဖော်ဝါရီလ ၂၈ ရက်နေ့ နောက်ဆုံးထား၍ မိခင်တပ်ရင်းသို့ ပြန်လည်သတင်းပို့ တာဝန်ထမ်းဆောင် ရမည်ဖြစ်ကြောင်း သိရသည်။ အမှတ် (၁) စစ်ဒေသဌာနချုပ်၊ စစ်ရေးဌာန၏ ညွှန်ကြားချက်အရ ကောလင်းခရိုင်အတွင်းရှိ PDF တပ်ရင်း၊ တပ်ဖွဲ့များမှ အကြောင်းအမျိုးမျိုးကြောင့် တပ်ရင်းနှင့် ကင်းကွာနေသည့် ရဲဘော်များအနေဖြင့် နီးစပ်ရာ PDF ခရိုင်၊ တပ်ရင်း၊ တပ်ဖွဲ့များသို့ လူကိုယ်တိုင် လာရောက်အကြောင်းကြားရန် လိုအပ်ကြောင်း ထုတ်ပြန်ထားသည်။ သတ်မှတ်ထားသည့် ဖေဖော်ဝါရီလ ၂၈ ရက်အတွင်း ပြန်လည်ရောက်ရှိလာသော ရဲဘော်များကို ပြစ်ဒဏ် လျှော့ပေါ့ပေးသွားမည်ဖြစ်ပြီး သက်ဆိုင်ရာ တပ်ရင်းအသီးသီး၏ အင်အားစာရင်းတွင် ပြန်လည် ထည့်သွင်း၍ တာဝန်ထမ်းဆောင်စေမည်ဖြစ်ကြောင်း သိရသည်။ သို့ရာတွင် သတ်မှတ်ကာလထက် ကျော်လွန်ပျက်ကွက်သူများကိုမူ စစ်စည်းမျဉ်းစည်းကမ်းများအတိုင်း ဖမ်းဆီးအရေးယူသွားမည်ဖြစ်ပြီး လိုအပ်ပါက အိမ်တိုင်ရာရောက် ဖမ်းဆီးကာ စစ်ခုံရုံးတင် စစ်ဆေး သွားမည်ဖြစ်ကြောင်း အမှတ် (၄) တပ်ရင်းမှူးက ထပ်ဆင့်ညွှန်ကြားထားသည်။ ယခု တပ်ရင်းအင်အား ပြန်လည်စုစည်းခြင်းသည် တော်လှန်ရေးအောင်ပွဲအတွက် အရေးပါသည့် လုပ်ငန်းစဉ်ဖြစ်သဖြင့် ကောလင်းခရိုင်အတွင်းရှိ သက်ဆိုင်ရာရဲဘော်များအားလုံး အမြန်ဆုံး ပြန်လည် ဆက်သွယ် တာဝန်ထမ်းဆောင်ကြရန် တိုက်တွန်းထားသည်။ ဓာတ်ပုံ-အမှတ်(၁)စစ်ဒေသ ပုံစာ-အမှတ် (၁) စစ်ဒေသ ၊ အပတ်စဉ် (၄) အထူးတိုက်ခိုက်ရေးတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များကိုတွေ့ရစဉ် #NUG #MOD #PDF #ကောလင်းခရိုင် #အမှတ်၁စစ်ဒေသ #တပ်ရင်း၄ #PSM_News Post navigation မြောက်ဥက္ကလာပ ရွှေပေါက်ကံရဲစခန်းကို YA နှင့် ရန်ကုန်တိုင်း(ပကဖ) ပူးပေါင်းအဖွဲ့ မိုင်းဖြင့် တိုက်ခိုက် ချင်းတွင်းမြစ်ကြောင်းအတွင်း ကမ်းပါးပြိုမှုနှင့် ဂေဟစနစ်ပျက်စီးစေမည့် ရွှေမျှောလုပ်ငန်းများ မလုပ်ရန် ကနီမြို့နယ် အုပ်ချုပ်ရေးအဖွဲ့ သတိပေး