PSM (NEWS)ဖေဖော်ဝါရီ ၁၃၊ ၂၀၂၆ အမေရိကန်ပြည်ထောင်စု၊ မင်နီဆိုတာ ပြည်နယ်အတွင်း လူအများအပြား ဖမ်းဆီးထိန်းသိမ်းခံရမှုများ၊ ကန့်ကွက်ဆန္ဒပြမှုများနှင့် လူသေဆုံးမှုဖြစ်စဉ်များ ဖြစ်ပွားစေခဲ့သည့် လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ အထူးနှိမ်နင်းရေးစီမံချက်ကို အဆုံးသတ်တော့မည်ဖြစ်ကြောင်း အိမ်ဖြူတော်၏ နယ်စပ်ရေးရာအရာရှိချုပ် တွမ် ဟိုးမန်း က ကြာသပတေးနေ့တွင် တရားဝင် ထုတ်ဖော်ပြောကြားခဲ့သည်။ ပြီးခဲ့သည့် ဒီဇင်ဘာလက စတင်ခဲ့သော “Operation Metro Surge” အမည်ရ အထူးစီမံချက်ကို ရပ်ဆိုင်းရန် သမ္မတ ဒေါ်နယ် ထရန့် က သဘောတူညီခဲ့ပြီးဖြစ်ကြောင်း၊ အဆိုပါစီမံချက်ကို ရက်ပိုင်းအတွင်း အပြီးသတ် ရုပ်သိမ်းသွားမည်ဖြစ်ကြောင်း တင်မ် ဝေါ့ဇ် ကလည်း အတည်ပြုပြောကြားခဲ့သည်။ အမေရိကန် လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန်အာဏာပိုင်အဖွဲ့ (ICE) ၏ စီးနင်းဖမ်းဆီးမှုများအတွင်း လူပေါင်း ၄,၀၀၀ ကျော် ဖမ်းဆီးခံခဲ့ရသည်။ အစိုးရဘက်က ၎င်းတို့ကို အန္တရာယ်ရှိသော ပြစ်မှုကျူးလွန်သူများဟု ဆိုသော်လည်း၊ အမှန်တကယ်တွင် ရာဇဝတ်မှုမှတ်တမ်းမရှိသူများ၊ ကလေးငယ်များနှင့် အမေရိကန်နိုင်ငံသားအချို့ပါ မှားယွင်းဖမ်းဆီးခံခဲ့ရကြောင်း ဝေဖန်မှုများ မြင့်တက်ခဲ့သည်။ လက်ရှိတွင် မင်နီဆိုတာပြည်နယ် လမ်းမများပေါ်၌ ဖက်ဒရယ်အရာရှိ ၂,၀၀၀ ကျော် ကျန်ရှိနေသေးပြီး ယခုအပတ်မှစတင်ကာ အဆင့်ဆင့် ပြန်လည်ရုပ်သိမ်းသွားမည်ဖြစ်သည်။ တွမ် ဟိုးမန်း ကိုယ်တိုင်လည်း ပြည်နယ်အတွင်း ဆက်လက်ရှိနေပြီး အင်အားလျှော့ချမှု လုပ်ငန်းစဉ်များကို အနီးကပ် ကြီးကြပ်သွားမည်ဟု သိရသည်။ ဖက်ဒရယ်အရာရှိများ၏ ပစ်ခတ်မှုကြောင့် အဲလက်စ် ပရက်တီအပါအဝင် လူနှစ်ဦး သေဆုံးခဲ့ရသည့် ဖြစ်စဉ်များကြောင့် ပြည်နယ်အတွင်း နိုင်ငံရေးတင်းမာမှုများ ပြင်းထန်ခဲ့သည်။ ဂျေကော့ ဖရေး နှင့် အုပ်ချုပ်ရေးမှူး တင်မ် ဝေါ့ဇ် တို့က ယခုလုပ်ရပ်သည် ပြည်နယ်အပေါ် “လက်စားချေသည့် လှုပ်ရှားမှု” သာဖြစ်ကြောင်း ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ကြသည်။ နယ်စပ်ရေးရာအရာရှိချုပ်ကမူ ယခုစီမံချက်ကြောင့် မင်နီဆိုတာပြည်နယ်သည် ဥပဒေချိုးဖောက်သူများအတွက် ဘေးကင်းလုံခြုံသည့် ခိုလှုံရာနေရာ ဖြစ်မနေတော့ကြောင်း တုံ့ပြန်ပြောကြားခဲ့သည်။ ကိုးကား – AP #လူဝင်မှုကြီးကြပ်ရေး#မင်နီဆိုတာ#ဖက်ဒရယ်အာဏာပိုင်#အမေရိကန်နိုင်ငံရေး#ဥပဒေချိုးဖောက်သူ#PSM_News Post navigation ဂါဇာပြန်လည်ထူထောင်ရေးအတွက် ဒေါ်လာဘီလီယံချီ အသုံးပြုမည့် စီမံကိန်းနှင့် ငြိမ်းချမ်းရေးဘုတ်အဖွဲ့ အစည်းအဝေးကို သမ္မတ ဒေါ်နယ် ထရန့် ကြေညာမည် အစ္စရေးသမ္မတ၏ သြစတြေးလျခရီးစဉ် ဆန္ဒပြမှုများကြားတွင် ပြီးဆုံး