PSM (NEWS)
ဖေဖော်ဝါရီ ၁၃၊ ၂၀၂၆

ဂါဇာဒေသ ပြန်လည်ထူထောင်ရေးအတွက် ဒေါ်လာဘီလီယံပေါင်းများစွာ အသုံးပြုမည့် စီမံကိန်းနှင့် ကုလသမဂ္ဂ (UN) က အသိအမှတ်ပြုထားသည့် တည်ငြိမ်ရေးတပ်ဖွဲ့များ စေလွှတ်မည့် အသေးစိတ်အစီအစဉ်ကို သမ္မတ ဒေါ်နယ် ထရန့် က လာမည့်အပတ်တွင် ကျင်းပမည့် ၎င်း၏ ပထမဆုံး ငြိမ်းချမ်းရေးဘုတ်အဖွဲ့ (Board of Peace) အစည်းအဝေးတွင် ထုတ်ဖော်ကြေညာမည်ဖြစ်ကြောင်း အမေရိကန် အဆင့်မြင့်အရာရှိကြီး နှစ်ဦးက ပြောကြားခဲ့သည်။

လာမည့် ဖေဖော်ဝါရီ ၁၉ ရက်တွင် ဝါရှင်တန် ဒီစီ ၌ ကျင်းပမည့် အဆိုပါအစည်းအဝေးကို သမ္မတ ဒေါ်နယ် ထရန့် ကိုယ်တိုင် သဘာပတိအဖြစ် ဆောင်ရွက်မည် ဖြစ်သည်။ ယင်းအစည်းအဝေးသို့ နိုင်ငံပေါင်း ၂၀ ခန့်မှ ကိုယ်စားလှယ်အဖွဲ့များ တက်ရောက်ရန် မျှော်လင့်ထားကြောင်း ရိုက်တာ သတင်းဌာနက အမည်မဖော်လိုသူ အရာရှိများကို ကိုးကား၍ ဖော်ပြထားသည်။

သမ္မတ ဒေါ်နယ် ထရန့်သည် ပြီးခဲ့သည့် ဇန်နဝါရီ ၂၃ ရက်က ဆွစ်ဇာလန်နိုင်ငံရှိ ဒါဗို့စ် မြို့တွင် ကျင်းပသည့် ခရီးစဉ်အတွင်း ငြိမ်းချမ်းရေးဘုတ်အဖွဲ့ ဖွဲ့စည်းခြင်းဆိုင်ရာ စာရွက်စာတမ်းများကို လက်မှတ်ရေးထိုးခဲ့သည်။ ယင်းဖွဲ့စည်းခြင်းကို သမ္မတ၏ ဂါဇာငြိမ်းချမ်းရေး စီမံချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်ဖြင့် ထောက်ခံအတည်ပြုထားကြောင်း သိရသည်။

လက်ရှိတွင် ဒေသတွင်း အင်အားကြီးနိုင်ငံများဖြစ်သည့် တူရကီ၊ အီဂျစ်၊ ဆော်ဒီအာရေဗျ၊ ကာတာနှင့် အင်ဒိုနီးရှားတို့ကလည်း အဆိုပါ ဘုတ်အဖွဲ့တွင် ဝင်ရောက်ပူးပေါင်းထားကြသည်။ ထို့အပြင် အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟု ကလည်း ဖေဖော်ဝါရီ ၁၁ ရက်တွင် ပြုလုပ်ခဲ့သည့် ဝါရှင်တန်ခရီးစဉ်အတွင်း အစ္စရေးအနေဖြင့် ယင်းဘုတ်အဖွဲ့တွင် ပါဝင်မည်ဖြစ်ကြောင်း အတည်ပြုခဲ့သည်။ သို့သော် အနောက်နိုင်ငံ မဟာမိတ်အချို့ကမူ ယခုအစီအစဉ်အပေါ် ဆက်လက်စောင့်ကြည့်လျက်ရှိသည်။

ယခုကြေညာမည့် အစီအစဉ်သည် ဂါဇာဒေသတွင် ရေရှည်တည်ငြိမ်အေးချမ်းရေးနှင့် ပျက်စီးသွားသော အခြေခံအဆောက်အအုံများ ပြန်လည်တည်ဆောက်ရေးအတွက် အမေရိကန်အစိုးရ၏ အရေးပါသည့် ခြေလှမ်းသစ်တစ်ရပ် ဖြစ်လာနိုင်ကြောင်း ခန့်မှန်းထားသည်။

ကိုးကား – The Strain Times

#ဂါဇာပြန်လည်ထူထောင်ရေး
#ငြိမ်းချမ်းရေးဘုတ်အဖွဲ့
#အမေရိကန်နိုင်ငံရေး
#အရှေ့အလယ်ပိုင်းအရေး
#PSM_News

By Htet Ko