PSM(NEWS)

မတ် ၁၃၊ ၂၀၂၆

အီရန်နိုင်ငံ၏ ထိပ်သီးခေါင်းဆောင်သစ် အာယာတိုလာ မိုဂျာတာဘာ ခါမေနီ သည် စစ်ပွဲနှင့် ပတ်သက်၍ ၎င်း၏ ပထမဆုံးသော ကြေညာချက်ကို ထုတ်ပြန်ခဲ့သည်။

ယင်းကြေညာချက်တွင် ခါမေနီက ဟော်မုဇ်ရေလက်ကြား ပိတ်ဆို့ထားခြင်းကို အကျပ်ကိုင်သည့် လက်နက်အဖြစ် ဆက်လက် အသုံးပြုသွားမည်ဖြစ်ကြောင်းနှင့် အီရန်၏ ပင်လယ်ကွေ့ အာရပ်အိမ်နီးချင်းနိုင်ငံများအပေါ် တိုက်ခိုက်မှုများ ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

သို့သော်လည်း ခါမေနီသည် ရုပ်သံတွင် ကိုယ်တိုင်ပါဝင်ခြင်း မရှိခဲ့ဘဲ၊ စစ်ပွဲအစပိုင်းတွင် ၎င်းအနေဖြင့် ဒဏ်ရာရရှိခဲ့ဖွယ်ရှိကြောင်း အစ္စရေးထောက်လှမ်းရေးဌာနက ခန့်မှန်းထားသည်။

ထို့အပြင်၎င်းက ပင်လယ်ကွေ့ အာရပ်နိုင်ငံများကို အမေရိကန်စစ်စခန်းများအား “ပိတ်သိမ်း” ရန် တိုက်တွန်းခဲ့ပြီး၊ အမေရိကန်၏ လုံခြုံရေးပေးမည်ဟူသော ကတိစကားမှာ “လိမ်ညာမှုသာ ဖြစ်သည်” ဟု ပြင်းထန်စွာ ဝေဖန်ခဲ့သည်။

စစ်ပွဲ၏ သက်ရောက်မှုများကြောင့် စီးပွားရေးနှင့် လူမှုရေးဆိုင်ရာ ရိုက်ခတ်မှုများမှာလည်း ကြီးမားနေသည်။ ကြာသပတေးနေ့ အစောပိုင်းတွင် Brent ရေနံစိမ်း တစ်စည်လျှင် ၁၀၀ ဒေါ်လာ ကျော်လွန်သွားခဲ့သည်။

အလားတူပင် အီရန်နိုင်ငံအတွင်း စစ်ပွဲကြောင့်လူဦးရေ ၃.၂ သန်းအထိ နေရပ်စွန့်ခွာ ထွက်ပြေးနေရကြောင်း ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးက ထုတ်ပြန်ထားသည်။

နယ်မြေဒေသအလိုက် တင်းမာမှုများမှာလည်း ဆက်လက်မြင့်တက်နေသည်။အစ္စရေးစစ်တပ်က ဟစ်ဇ်ဘိုလာအဖွဲ့ကို ပြင်းထန်စွာ တုံ့ပြန်တိုက်ခိုက်မည်ဟု ကြေညာကာ လက်ဘနွန်တောင်ပိုင်းရှိ ဒေသခံများကို နေရပ်မှစွန့်ခွာရန် သတိပေးထားသည်။

တစ်ဖက်တွင်လည်း အီရန်စစ်ပွဲအတွင်း “ရေကြောင်းဆိုင်ရာဖြစ်ရပ်များ” ကြောင့် အိန္ဒိယ သင်္ဘောသား ၃ ဦး သေဆုံးပြီး တစ်ဦးပျောက်ဆုံးနေကြောင်းအိန္ဒိယ ရေကြောင်းဌာနက အတည်ပြုခဲ့သည်။

ဤအခြေအနေနှင့် ပတ်သက်၍ အမေရိကန်အနေဖြင့် ဟော်မုဇ်ရေလက်ကြားတွင် ရေနံတင်သင်္ဘောများကို လုံခြုံရေးပေးရန် လက်ရှိတွင် အဆင်သင့်မရှိသေးကြောင်း အမေရိကန် စွမ်းအင်ဝန်ကြီးက ပြောကြားခဲ့သည်။

မိန့်ခွန်းအတွင်း ခါမေနီက လက်တုံ့ပြန်မည့် အကြောင်းအရာများကို အလေးပေးပြောဆိုခဲ့သည်။ “ကျဆုံးသွားသော အာဇာနည်များအတွက် လက်တုံ့ပြန်ခြင်းသည် ထိပ်တန်းဦးစားပေးဖြစ်သည်” ဟု ခါမေနီက ပြောသည်။

မိမိတို့၏ အရင်းအမြစ်များကို ဖျက်ဆီးပါက ရန်သူ့ဘက်မှ ပိုင်ဆိုင်မှုများကိုလည်း ထိုအတိုင်း တုံ့ပြန် ဖျက်ဆီးသွားမည်ဖြစ်ကြောင်း သတိပေးခဲ့သည်။

၎င်းက ဆက်လက်၍ မိမိ၏ဖခင်နှင့် ဇနီး၊ ညီအစ်မတစ်ဦး၊ တူမတစ်ဦးတို့သည်လေကြောင်းတိုက်ခိုက်မှုတွင် ကျဆုံးခဲ့ရကြောင်းကိုလည်း ဝမ်းနည်းစွာဖြင့်ထုတ်ဖော် ပြောကြားခဲ့သည်။

နိုင်ငံတကာ မျက်နှာစာတွင်လည်း သဘောထား ကွဲလွဲမှုများရှိနေသည်။ ကုလသမဂ္ဂ၌ အီရန်အပေါ် ပိတ်ဆို့မှုများ ပြန်လည်ချမှတ်ရေးနှင့် ပတ်သက်၍ အစည်းအဝေး ပြုလုပ်ခြင်းကို ရုရှားနှင့် တရုတ်တို့က ကန့်ကွက်ခဲ့သည်။

အခြားတစ်ဖက်တွင် အမေရိကန်၏ လေယာဉ်တင်သင်္ဘော USS Gerald R.Ford တွင် မီးလောင်မှု ဖြစ်ပွားခဲ့သော်လည်း စစ်ရေးတိုက်ခိုက်မှုကြောင့် မဟုတ်ကြောင်းနှင့် သင်္ဘောသားနှစ်ဦး ထိခိုက်ဒဏ်ရာရရှိမှုမှာ စိုးရိမ်ရသည့် အခြေအနေ မဟုတ်ကြောင်း သိရသည်။

ထို့အပြင် လက်ဘနွန်တွင် အစ္စရေး၏ တိုက်ခိုက်မှုများကို တူရကီနိုင်ငံက ရှုတ်ချခဲ့ပြီး နိုင်ငံတကာဥပဒေကို ချိုးဖောက်နေကြောင်း ဝေဖန်ခဲ့သည်။

အဆိုပါစစ်ပွဲသည် ကမ္ဘာ့စွမ်းအင် ထောက်ပံ့မှုနှင့် နိုင်ငံတကာ ခရီးသွားလာရေးအတွက် ကြီးမားသော အနှောင့်အယက် ဖြစ်စေလျက်ရှိပြီး၊ ဒေသတွင်း တင်းမာမှုများမှာလည်း တစ်နေ့ထက် တစ်နေ့ ပိုမိုမြင့်တက်လျက်ရှိသည်။

ကိုးကားAP

#အီရန်_ထိပ်သီးခေါင်းဆောင်သစ်

#အာယာတိုလာ_မိုဂျာတာဘာ_ခါမေနီ

#ပထမဆုံးအကြိမ်_မိန့်ခွန်း

#လက်တုံ့ပြန်

#စစ်ပွဲအတွင်း_ကျဆုံးသူ

#ကမ္ဘာ့စွမ်းအင်_ထောက်ပံ့မှု

#PSM_News

By Htet Ko