PSM(NEWS)

မတ် ၁၃၊ ၂၀၂၆

အရှေ့အလယ်ပိုင်းဒေသတွင် ဖြစ်ပွားနေသော စစ်ပွဲသည် သမိုင်းတစ်လျှောက် အကြီးမားဆုံးသော ရေနံထောက်ပံ့မှု အနှောင့်အယက်ကို ဖန်တီးနေကြောင်း အပြည်ပြည်ဆိုင်ရာ စွမ်းအင်အေဂျင်စီ (International Energy Agency – IEA) က ကြာသပတေးနေ့တွင် ပြောကြားလိုက်သည်။

ဤပြောကြားချက်သည် ရေနံရှားပါးမှုနှင့် ဈေးနှုန်းမြင့်တက်မှုကို ထိန်းညှိရန်အတွက် ဗျူဟာမြောက် သိုလှောင်ထားသော ရေနံများကို စံချိန်တင်ပမာဏအတိုင်း ထုတ်ရောင်းရန် သဘောတူညီခဲ့ပြီး နောက်တစ်ရက်အကြာတွင် ထွက်ပေါ်လာခြင်းဖြစ်သည်။

ဖေဖော်ဝါရီ ၂၈ ရက်နေ့တွင် အမေရိကန်နှင့် အစ္စရေးတို့က အီရန်နိုင်ငံကို လေကြောင်းတိုက်ခိုက်မှုများ စတင်ခဲ့ပြီးနောက် ဟော်မုဇ်ရေလက်ကြားကို ပိတ်ဆို့ထားခြင်းကြောင့် မတ်လအတွင်း ကမ္ဘာ့ရေနံထောက်ပံ့မှုမှာ တစ်နေ့လျှင် စည်ပေါင်း ၈ သန်းအထိ ကျဆင်းနိုင်သည်ဟု ခန့်မှန်းထားသည်။

၎င်းပမာဏသည်ကမ္ဘာ့ရေနံလိုအပ်ချက်၏၈ရာခိုင်နှုန်းနီးပါးနှင့်ညီမျှသည်။ အီရန်နိုင်ငံတစ်ဝန်းရှိ ရေနံနှင့် သယ်ယူပို့ဆောင်ရေး အဆောက်အအုံများကို တိုက်ခိုက်မှုများ တိုးမြှင့်လိုက်ခြင်းကြောင့် အရှေ့အလယ်ပိုင်း ပင်လယ်ကွေ့ နိုင်ငံများဖြစ်ကြသည့် အီရတ်၊ ကာတာ၊ ကူဝိတ်၊ အာရပ်စော်ဘွားများပြည်ထောင်စု (UAE) နှင့် ဆော်ဒီအာရေဗျတို့သည် ရေနံထုတ်လုပ်မှုကို တစ်နေ့လျှင်စည်ပေါင်း ၁၀ သန်းအထိ လျှော့ချထားရသည်။

ရေနံထုတ်လုပ်မှု ပြန်လည်စတင်ရန် ရက်သတ္တပတ် သို့မဟုတ် လပေါင်းများစွာ ကြာမြင့်နိုင်ကြောင်း IEA က သတိပေးထားသည်။

Brent ရေနံစိမ်းဈေးနှုန်းသည် တနင်္လာနေ့တွင် ၂၀၂၂ ခုနှစ်အလယ်ပိုင်း နောက်ပိုင်း အမြင့်ဆုံးဖြစ်သည့် တစ်စည်လျှင် ၁၁၉.၅၀ ဒေါ်လာသို့ ရောက်ရှိခဲ့ပြီးနောက် ကြာသတေးနေ့တွင် ၅ ရာခိုင်နှုန်း မြင့်တက်လာကာ တစ်စည်လျှင် ၉၇ ဒေါ်လာ ဝန်းကျင်တွင် ရှိနေသည်။

ဈေးနှုန်းများ အဆမတန်မြင့်တက်မှုကို တန်ပြန်ရန်အတွက် IEA အဖွဲ့ဝင်နိုင်ငံများသည် ဗျူဟာမြောက် သိုလှောင်ထားသော ရေနံစည်ပေါင်းသန်း ၄၀၀ ကို စံချိန်တင် ထုတ်ရောင်းရန် သဘောတူညီခဲ့သည်။

IEA အမှုဆောင်ဒါရိုက်တာ ဖာသစ်ဘီရိုးလ်က ဤဆုံးဖြတ်ချက်သည် စွမ်းအင်ဈေးကွက်အပေါ် “အားကောင်းသော ရိုက်ခတ်မှု” ရှိခဲ့ကြောင်း ပြောကြားခဲ့သည်။

စစ်ပွဲ၏ သက်ရောက်မှုကြောင့် လေကြောင်းခရီးစဉ်များ ပျက်ပြားခြင်း၊ စီးပွားရေး မရေရာမှုများနှင့် ရေနံဈေးနှုန်း မြင့်တက်ခြင်းတို့ကြောင့် မတ်လနှင့် ဧပြီလတွင် ရေနံလိုအပ်ချက်မှာ ခန့်မှန်းချက်ထက် တစ်နေ့လျှင် စည်ပေါင်း ၁ သန်းခန့် လျော့နည်းနိုင်ကြောင်း IEA က ဖော်ပြထားသည်။

သို့သော်လည်း ဆော်ဒီအာရေဗျနှင့် UAE တို့သည် ဟော်မုဇ်ရေလက်ကြားကို ရှောင်ကွင်း၍ အခြားပို့ဆောင်ရေး လမ်းကြောင်းများကို အသုံးပြုရန် ကြိုးပမ်းနေသဖြင့် ဧပြီလမှ ဇွန်လအတွင်း ကမ္ဘာ့ရေနံထောက်ပံ့မှု အနည်းငယ် ပြန်လည်မြင့်တက်လာနိုင်ကြောင်း ခန့်မှန်းထားသည်။

ကိုးကား Reuters

#ဟော်မုဇ်ရေလက်ကြား

#အရှေ့အလယ်ပိုင်းစစ်ပွဲ

#IEA

#အကြီးမားဆုံး_အနှောင့်အယက်

#ကမ္ဘာ့ရေနံထောက်ပံ့မှု

#PSM_News

By Htet Ko