PSM(NEWS)

မတ်လ ၁၃၊ ၂၀၂၆

အီရန်နိုင်ငံသည် ဟော်မုဇ်ရေလက်ကြားမှတစ်ဆင့် အိန္ဒိယအလံတင် ရေနံတင်သင်္ဘောများကိုဖြတ်သန်းခွင့်ပြုမည်ဖြစ်ကြောင်း အိန္ဒိယအစိုးရသတင်းရင်းမြစ်တစ်ခုက ကြာသပတေးနေ့တွင် ပြောကြားလိုက်သည်။

အဆိုပါ ရေလက်ကြားသည် တောင်အာရှနိုင်ငံ၏ ရေနံတင်သွင်းမှု ၄၀ ရာခိုင်နှုန်း ဖြတ်သန်းရာလမ်းကြောင်း ဖြစ်သည်။

သို့သော်လည်း နိုင်ငံပြင်ပရှိ အီရန် သတင်းရင်းမြစ်တစ်ခုကမူ ထိုကဲ့သို့သော သဘောတူညီချက်မျိုး မရှိကြောင်း ငြင်းဆိုထားသည်။

အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီးနှင့် အီရန်နိုင်ငံခြားရေးဝန်ကြီးတို့သည် ပြီးခဲ့သည့်ရက်ပိုင်းအတွင်းအကြိမ်ကြိမ် ဆွေးနွေးခဲ့ကြပြီး၊ နောက်ဆုံးဆွေးနွေးမှုတွင် “ရေကြောင်းသွားလာမှု ဘေးကင်းရေးနှင့်အိန္ဒိယ၏ စွမ်းအင်လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များ” ကို အဓိကထား ဆွေးနွေးခဲ့ကြောင်း အိန္ဒိယနိုင်ငံက ပြောကြားသည်။

ကြာသပတေးနေ့တွင် ဆော်ဒီရေနံများကို တင်ဆောင်လာသော Suezmax အမျိုးအစားရေနံတင်သင်္ဘော ‘Shenlong’ သည် မွန်ဘိုင်းမြို့သို့ ရောက်ရှိလာခဲ့သည်။ ဖေဖော်ဝါရီလနှောင်းပိုင်းအမေရိကန်-အစ္စရေးနှင့် အီရန်တို့ စစ်ပွဲစတင်ပြီးနောက် အရှေ့အလယ်ပိုင်းမှ အိန္ဒိယသို့ ရောက်ရှိလာသည့် ပထမဆုံးသော ရေနံတင်သင်္ဘောဖြစ်သည်။

လက်ရှိအချိန်တွင် ဟော်မုဇ်ရေလက်ကြား တစ်ဝိုက်၌ အိန္ဒိယ သင်္ဘော ၂၈ စင်း လှုပ်ရှားနေပြီးသင်္ဘောသား ၇၇၈ ဦး တင်ဆောင်ထားသည်။

အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ရန်ဒီယာ ဂျိုင်ဆာဝါက ကိစ္စရပ်များနှင့် ပတ်သက်၍ ထုတ်ဖော်ပြောကြားရန် စောလွန်းသေးကြောင်း သတင်းထောက်များအား ပြောဆိုခဲ့သည်။

အီရန် နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင်မူ ပါရှန်းပင်လယ်ကွေ့အတွင်း သင်္ဘောများသွားလာမှုအတွက် လုံခြုံမှုမရှိခြင်းနှင့် ပြဿနာများအတွက် အမေရိကန်ပြည်ထောင်စုကို တာဝန်ယူစေရမည်ဟု ဖော်ပြထားသော်လည်း အိန္ဒိယသင်္ဘောများ ဖြတ်သန်းခွင့်ဆိုင်ရာ သဘောတူညီချက်အကြောင်း မပါဝင်ခဲ့ပေ။

အိန္ဒိယနိုင်ငံသည် အီရန်သင်္ဘောများမှ သင်္ဘောသား ၁၈၃ ဦးကိုလည်း ဘေးကင်းစွာဖြင့် ခိုလှုံခွင့်ပေးထားသည်။

ဖေဖော်ဝါရီလနှောင်းပိုင်း စစ်ပွဲစတင်ချိန်မှစ၍ အီရန်သည် ဟော်မုဇ်ရေလက်ကြားအတွင်း သင်္ဘောအနည်းဆုံး ၁၆ စင်းကို တိုက်ခိုက်ခဲ့သည်။

၎င်းတို့အနေဖြင့် လက်တုံ့ပြန်သည့် အနေဖြင့် ရေနံတစ်စည်လျှင် ၂၀၀ ဒေါ်လာအထိ ဈေးနှုန်းမြင့်တက်သွားနိုင်ကြောင်း သတိပေးထားသည်။ ဗုဒ္ဓဟူးနေ့တွင်လည်း ထိုင်းသင်္ဘောတစ်စင်း တိုက်ခိုက်ခံခဲ့ရပြီး အိန္ဒိယနိုင်ငံအနေဖြင့် ကုန်သွယ်မှုသင်္ဘောများကို စစ်ရေးပစ်မှတ်အဖြစ် အသုံးပြုခြင်းကို ပြင်းထန်စွာ ရှုတ်ချကြောင်း ဖော်ပြထားသည်။

ကိုးကား Reuters

#ဟော်မုဇ်ရေလက်ကြား

#အိန္ဒိယသင်္ဘော

#ဖြတ်သန်းခွင့်ပြု

#အီရန်_ငြင်းဆို

#PSM_News

By Htet Ko