PSM (NEWS)

ဇွန် ၁၂၊၂၀၂၆

အမေရိကန်ပြည်ထောင်စုက အီရန်ရေနံကို ဝယ်ယူသည်ဟု စွပ်စွဲကာ ပိတ်ဆို့အရေးယူထားသည့် တရုတ်နိုင်ငံမှ Hengli Petrochemical ကုမ္ပဏီသည် အနောက်အာဖရိကမှ ရေနံစိမ်း စည်ပေါင်း ၂ သန်းကျော်ကို ဝယ်ယူထားပြီး အဓိကရေနံတင်ပို့သူများထံမှ နောက်ထပ်ဝယ်ယူမှုများ ပြုလုပ်ရန် ကြိုးပမ်းနေကြောင်း ကုန်သွယ်ရေး သတင်းရင်းမြစ်များက ဆိုသည်။

ဧပြီလက ဝါရှင်တန်၏ ပိတ်ဆို့အရေးယူမှုကို ခံခဲ့ရသည့် Hengli သည် အီရန်ရေနံကို ဝယ်ယူခြင်းမရှိကြောင်း ငြင်းဆိုထားပြီး၊ အမေရိကန်၏ ပိတ်ဆို့စာရင်းမှ ဖယ်ရှားပေးရန်အတွက် ပိတ်ဆို့မှုမရှိသော ရေနံအရင်းအမြစ်များကိုသာ ရှာဖွေနေခြင်းဖြစ်သည်။

တရုတ်နိုင်ငံ၊ ဒါလီယံမြို့တွင် ရေနံချက်စက်ရုံတစ်ရုံကို ပိုင်ဆိုင်သည့် Hengli ကုမ္ပဏီသည် ဇွန်လမှစတင်၍ အနောက်အာဖရိကနှင့် အီရန်မဟုတ်သော အရှေ့အလယ်ပိုင်းနိုင်ငံများမှ ရေနံစိမ်းများကို ဝယ်ယူရန် မေးမြန်းစုံစမ်းမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

၎င်းသည် ဇွန်လနှောင်းပိုင်း သို့မဟုတ် ဇူလိုင်လအတွင်း တရုတ်နိုင်ငံသို့ ပို့ဆောင်ရန် အနောက်အာဖရိက ရေနံစိမ်း စည်ပေါင်း ၂ သန်းကို ဝယ်ယူထားကြောင်း သတင်းရင်းမြစ်များက အတည်ပြုသည်။

Hengli ကုမ္ပဏီနှင့် အမေရိကန်ဘဏ္ဍာရေးဌာနတို့က ယခုကိစ္စနှင့်ပတ်သက်၍ မှတ်ချက်ပေးရန် တောင်းဆိုချက်များကို တုံ့ပြန်ခြင်းမရှိသေးပါ။

အမေရိကန်၏ တစ်ဖက်သတ်ပိတ်ဆို့မှုများကို တရုတ်နိုင်ငံက လက်မခံသော်လည်း၊ ယင်းကဲ့သို့ ပိတ်ဆို့ခံရမှုသည် အမေရိကန်အစိုးရ၏ အရေးယူမှုကို ကြောက်ရွံ့သည့် ကုန်သွယ်ဖက်များအတွက် စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ရန် ခက်ခဲစေသည်။

ဧပြီလနှောင်းပိုင်းတွင် Hengli က ပိတ်ဆို့မှုစာရင်းမှ ဖယ်ရှားနိုင်ရန် ဥပဒေကြောင်းအရ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ၎င်းတွင် ရေနံချက်လုပ်မှုအတွက် အနည်းဆုံး ၃ လစာ ရေနံလက်ကျန်ရှိကြောင်းနှင့် တရုတ်ယွမ်ငွေကို အသုံးပြု၍ ရေနံဝယ်ယူမှုများ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

သို့သော်လည်း Hengli အတွက် ပိတ်ဆို့မှုမရှိသော ရေနံကို ရရှိရန်မှာ ရှုပ်ထွေးမှုများရှိနေသည်။ ရောင်းချသူများအနေဖြင့် ဒုတိယအဆင့် ပိတ်ဆို့မှုများကို ကြောက်ရွံ့ခြင်းကြောင့် ပွဲစားများမှတစ်ဆင့်သာ အရောင်းအဝယ် ပြုလုပ်ရဖွယ်ရှိကြောင်း ကျွမ်းကျင်သူများက သုံးသပ်သည်။

အီရန်ရေနံကို အဓိကဝယ်ယူသူဖြစ်သည့် တရုတ်နိုင်ငံ၏ သီးခြားရေနံချက်စက်ရုံများသည် အီရန်အပေါ် အမေရိကန်-အစ္စရေးစစ်ပွဲနှင့် ဧပြီ ၁၃ ရက်မှစ၍ အမေရိကန်ရေတပ်၏ ပိတ်ဆို့မှုများကြောင့် အီရန်ရေနံတင်ပို့မှု လျော့ကျလာခြင်းကို ရင်ဆိုင်နေရသည်။

ရေနံလက်ကျန် နည်းပါးလာမှုကြောင့် Hengli သည် ၎င်း၏ ရေနံချက်လုပ်မှုကို ယခင်လက ၈၀ ရာခိုင်နှုန်းကျော်မှ ယခုဇွန်လတွင် ၇၀ ရာခိုင်နှုန်းအောက်သို့ လျှော့ချခဲ့ရကြောင်း သတင်းရင်းမြစ်များက ဆိုသည်။

ကိုးကား-Reuters

By Htet Ko

Leave a Reply

Your email address will not be published. Required fields are marked *

You missed