PSM(News)

ဇွန် ၁၂၊ ၂၀၂၆

ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့တွင် ကျင်းပလျက်ရှိသည့် အပြည်ပြည်ဆိုင်ရာ အလုပ်သမားညီလာခံ၏ (၁၁၄) ကြိမ်မြောက် အစည်းအဝေးတွင် မြန်မာနိုင်ငံ၏ အလုပ်သမားအခွင့်အရေးနှင့် လူ့အခွင့်အရေး အခြေအနေများနှင့် ပတ်သက်၍ “မြန်မာနိုင်ငံဆိုင်ရာ အထူးအစည်းအဝေး” တစ်ရပ်ကို သီးသန့်ကျင်းပခဲ့ပြီး အာဏာသိမ်း စစ်အုပ်စု၏ ချိုးဖောက်မှုများအပေါ် အနီးကပ်စောင့်ကြည့် အရေးယူမည့် ဆုံးဖြတ်ချက်များကို အတည်ပြုချမှတ်ခဲ့ကြောင်း သိရသည်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ လူမှုရေးရာ၊ အလုပ်သမားနှင့် လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ အဆိုပါအထူးအစည်းအဝေးတွင် မြန်မာနိုင်ငံက လက်မှတ်ရေးထိုးထားသည့် လွတ်လပ်စွာ သင်းပင်းဖွဲ့စည်းခွင့်နှင့် စည်းရုံးခွင့်ကာကွယ်ရေးဆိုင်ရာ ကွန်ဗင်းရှင်း (အမှတ် ၈၇) နှင့် အဓမ္မလုပ်အားပေးခိုင်းစေမှုဆိုင်ရာ ကွန်ဗင်းရှင်း (အမှတ် ၂၉) တို့ကို စစ်အုပ်စုက လိုက်နာခြင်းမရှိဘဲ ပြင်းထန်စွာ ချိုးဖောက်နေမှုများအပေါ် အဓိကထား ဆွေးနွေးခဲ့ကြသည်။

အထူးသဖြင့် စစ်တပ်က အာဏာသိမ်းပြီး ငါးနှစ်တာကာလအတွင်း အရပ်ဘက်လွတ်လပ်ခွင့်များ ပျက်စီးယိုယွင်းလာမှု၊ အလုပ်သမားသမဂ္ဂအဖွဲ့ဝင်များနှင့် တက်ကြွလှုပ်ရှားသူများအပေါ် အကြမ်းဖက်ခြင်း၊ မတရားဖမ်းဆီး ညှဉ်းပန်းခြင်းနှင့် ခြိမ်းခြောက်ခြင်းများကို နက်ရှိုင်းစွာ စိုးရိမ်ကြောင်း ညီလာခံက ဖော်ပြခဲ့သည်။

၎င်းအပြင် စစ်အုပ်စု၏ အထွေထွေရွေးကောက်ပွဲအပေါ်တွင်လည်း စိုးရိမ်မှုများ ရှိကြောင်း မှတ်ချက်ပြုခဲ့ကြပြီး ကလေးသူငယ်များအား အဓမ္မစစ်မှုထမ်းရန် စုဆောင်းခြင်းအပါအဝင် စစ်တပ်မှ အဓမ္မလုပ်အားပေးခိုင်းစေမှုပုံစံမျိုးစုံကို ဆက်လက်အသုံးပြုနေခြင်းကို ကော်မတီက ပြင်းထန်စွာ ရှုတ်ချခဲ့သည်။

ထို့ကြောင့် ကော်မတီသည် မြန်မာစစ်တပ်အာဏာပိုင်များအနေဖြင့် စုံစမ်းစစ်ဆေးရေးကော်မရှင်၏ အကြံပြုချက်များအပေါ် မည်ကဲ့သို့ အကောင်အထည်ဖော် ဆောင်ရွက်ထားသည်ဟူသော အချက်အလက် အပြည့်အစုံကို လာမည့် ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၂၁ ရက်နေ့ထက် နောက်မကျစေဘဲ အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ် (ILO) ညွှန်ကြားရေးမှူးချုပ်ထံ အစီရင်ခံစာ တင်ပြရန် တောင်းဆိုထားသည်။

အဆိုပါတင်ပြချက်များကို လာမည့် နိုဝင်ဘာလတွင် ကျင်းပမည့် (၃၅၈) ကြိမ်မြောက် ILO အုပ်ချုပ်ရေးအဖွဲ့အစည်းအဝေးတွင် ဆက်လက်တင်ပြဆွေးနွေးသွားမည်ဖြစ်ပြီး၊ ယခုအထူးအစည်းအဝေး၏ ဆွေးနွေးချက်များနှင့် နိဂုံးချုပ်ဆုံးဖြတ်ချက်များကို ညီလာခံအစီရင်ခံစာ၏ သီးခြားကဏ္ဍတစ်ခုအနေဖြင့် ကမ္ဘာသို့ ထုတ်ပြန်ကြေညာသွားမည်ဟု ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ-MOSLHA

By Htet Ko

Leave a Reply

Your email address will not be published. Required fields are marked *

You missed