PSM(News) ဇွန် ၁၂၊ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲ အတွက် မီဒီယာထုတ်လွှင့်ခွင့်ကို စစ်အုပ်စု၏ အဓိကဝင်ငွေရလမ်းဖြစ်သော Mytel ဆက်သွယ်ရေးအော်ပရေတာကို ပေးအပ်ခဲ့သည့် နိုင်ငံတကာဘောလုံးအဖွဲ့ချုပ် (FIFA) ၏ ဆုံးဖြတ်ချက်အပေါ် Justice For Myanmar (JFM) က ယနေ့ ဇွန်လ ၁၂ ရက်တွင် ပြင်းထန်စွာ ရှုတ်ချလိုက်သည်။ ဖီဖာသည် လူ့အခွင့်အရေးဆိုင်ရာ တင်ကြိုစိစစ်မှု ကင်းမဲ့စွာဖြင့် ယခုကဲ့သို့ ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပြီး ယင်းလုပ်ရပ်သည် သွေးစွန်းညစ်ထေးနေသော မြန်မာစစ်အုပ်စုအား ဖြူစင်သယောင် အပေါ်ယံထုံးသုတ် ပုံဖော်ပေးလိုက်ခြင်းဖြစ်ကြောင်း JFM က ထောက်ပြသည်။ အဆိုပါ Mytel ဆက်သွယ်ရေးလုပ်ငန်းသည် ရက်စက်ကြမ်းကြုတ်သည့် ရွေးတုအစိုးရအတွက် အကျိုးအမြတ်များစွာ ရရှိစေသော အဓိကဝင်ငွေရင်းမြစ်တစ်ခုဖြစ်ပြီး နိုင်ငံတကာ၏ ဒဏ်ခတ်ပိတ်ဆို့မှု ခံထားရသည့် စစ်တပ်စီးပွားရေးလုပ်ငန်းစုကြီးဖြစ်သော မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC)က ပူးတွဲပိုင်ဆိုင်ကာ လွှမ်းမိုးချုပ်ကိုင် ထားသည့် လုပ်ငန်းဖြစ်သည်။ JFM က လေ့လာထားသည့် အချက်အလက်များအရ မြန်မာစစ်တပ်၏ ရှယ်ယာပိုင်ဆိုင်မှုများကြောင့် Mytel လုပ်ငန်းစတင်လည်ပတ်သည့် ၅ နှစ်မှ ၉ နှစ်တာ ကာလအတွင်း အမေရိကန်ဒေါ်လာ ၂၇၀ သန်းအထိ ရရှိနိုင်ပြီး ယင်းနောက်ပိုင်း ၅ နှစ်အတွင်းတွင်လည်း နောက်ထပ် အမေရိကန်ဒေါ်လာ ၄၅၀ သန်းအထိ ထပ်မံရရှိနိုင်ကြောင်း တွေ့ရှိရသည်။ အဆိုပါ အချက်များသည် စစ်တပ်နှင့် ထိပ်တန်းစစ်ဗိုလ်ချုပ်ကြီးများအတွက် အလွန်ကြီးမားသည့် ငွေကြေးအကျိုးအမြတ်တစ်ရပ် ဖြစ်နေသည်။ ထို့အပြင် Mytel သည် စစ်တပ်အား ငွေကြေးထောက်ပံ့ပေးနေရုံသာမက ပြည်သူလူထုအပေါ် ဒစ်ဂျစ်တယ်စောင့်ကြည့် ထောက်လှမ်းရေးလုပ်ငန်းများကိုပါ ကူညီဆောင်ရွက်ပေးနေခြင်းကြောင့် မြန်မာစစ်တပ်က ကျူးလွန်လျက်ရှိသည့် စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများကို တိုက်ရိုက်ကူညီအားပေးနေခြင်း ဖြစ်ကြောင်းလည်း JFM က ဆိုထားသည်။ လက်ရှိတွင် Mytel သည် စစ်အုပ်စုအတွက် စောင့်ကြည့်ထောက်လှမ်းရေးနည်းပညာနှင့် ငွေကြေးပံ့ပိုးမှု များ ပြုလုပ်နေခြင်းကြောင့် အမေရိကန် ကုန်သွယ်ရေးဝန်ကြီးဌာနက ပို့ကုန်ကန့်သတ်အရေးယူမှု ချမှတ်ထားသည်။ ထို့အပြင် ၎င်း၏ မိခင်ကုမ္ပဏီဖြစ်သော MEC အားလည်း အမေရိကန်၊ ယူကေ၊ အီးယူ၊ ကနေဒါနှင့် သြစတြေးလျနိုင်ငံတို့က အရေးယူဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ထားပြီး ဖြစ်သည်။ လက်ရှိတွင် Mytel အား စစ်အုပ်စုအတွက် စောင့်ကြည့်ထောက်လှမ်းရေးနည်းပညာနှင့် ငွေကြေးပံ့ပိုးမှု များ ပြုလုပ်နေခြင်းကြောင့် အမေရိကန် ကုန်သွယ်ရေးဝန်ကြီးဌာနက ပို့ကုန်ကန့်သတ်အရေးယူမှု ချမှတ်ထားသည်။ ထို့အပြင် Mytel ၌ ရှယ်ယာများပါဝင်သည့် စစ်တပ်ပိုင် မြန်မာ့စီးပွားရေးကော်ပိုရေး ရှင်း (MEC) ကိုလည်း အမေရိကန်၊ ယူကေ၊ အီးယူ၊ ကနေဒါနှင့် သြစတြေးလျနိုင်ငံတို့က တိုက်ရိုက် ဒဏ်ခတ်ပိတ်ဆို့မှုများ အသီးသီး ချမှတ်ထားပြီး ဖြစ်သည်။ ဖီဖာအနေဖြင့် စစ်တပ်ခရိုနီဖြစ်သူ Max Myanmar ပိုင်ရှင် ဦးဇော်ဇော်ကိုလည်း ၎င်းတို့၏ လူမှုအကျိုး ပြုလုပ်ငန်းကော်မတီ ဥက္ကဌအဖြစ် ခန့်အပ်ခဲ့ပြီးနောက် စစ်တပ်ရှယ်ယာပိုင် Mytel နှင့်ပါ စီးပွားရေး ပတ်သက်မှု လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ ၂၀၁၉ ခုနှစ် ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ အချက်အလက်ရှာဖွေရေးမစ်ရှင်၏ ထုတ်ပြန်ချက်တွင် Max Myanmar သည် ရိုဟင်ဂျာလူမျိုးများအပေါ် လူမျိုးတုံးသတ်ဖြတ်မှုတွင် စစ်တပ်အား ငွေကြေး ထောက်ပံ့ခဲ့မှုကြောင့် ရာဇဝတ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ပြီး တရားစွဲဆိုသင့်ကြောင်း သုံးသပ်ထားသည့် ကုမ္ပဏီဖြစ်သည်။ ထို့ကြောင့် ဖီဖာအနေဖြင့် မြန်မာစစ်အုပ်စု၊ ၎င်းတို့၏ ခရိုနီများနှင့် ပူးပေါင်းဆက်ဆံနေမှုများ ကိုချက်ချင်း ရပ်တန့်ရမည်ဖြစ်ပြီး ၎င်းတို့ကိုယ်တိုင် ထုတ်ပြန်ကြေညာထားသည့် လူ့အခွင့်အရေးဆိုင်ရာ ကတိကဝတ်များနှင့် နိုင်ငံတကာတာဝန်ဝတ္တရားများကို လက်တွေ့ကျကျ လိုက်နာဆောင်ရွက်ရန် Justice For Myanmar က တောင်းဆိုထားသည်။ Post navigation ကမ္ဘာ့ဖလားပြသခွင့် ရရှိထားသည့် အာဏာလုစစ်အုပ်စုပိုင် Mytel ကို ဆက်လက်သပိတ်မှောက်ရန်နှင့် ရန်ပုံငွေဖြတ်တောက်ကြရန် တိုက်တွန်း အပြည်ပြည်ဆိုင်ရာ အလုပ်သမားညီလာခံ (ILC) တွင် မြန်မာ့အရေး အထူးအစည်းအဝေးကျင်းပ၊ လူ့အခွင့်အရေးနှင့် အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုများအတွက် စစ်အုပ်စုကို ဆက်လက်အရေးယူရန် ဆုံးဖြတ်