PSM(News)

ဇွန် ၁၁၊ ၂၀၂၆

ယနေ့ ဇွန် ၁၁ ရက် ညပိုင်းတွင် စတင်ကျင်းပမည့် ၂၀၂၆ ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲ တိုက်ရိုက်ပြသခွင့်ကို အာဏာလုစစ်အုပ်စု ဖက်စပ်လုပ်ငန်းဖြစ်သည့် Mytel (TV360 App) က ရရှိထားသော်လည်း အဆိုပါလုပ်ငန်းကို ပြည်သူများအနေဖြင့် လုံးဝကြည့်ရှုခြင်းမပြုဘဲ ဆက်လက် သပိတ်မှောက်ကြရန် တော်လှန်ရေးနှင့် အချက်အလက်စိစစ်ရေး အင်အားစုများက တိုက်တွန်းနှိုးဆော် ထားသည်။

အမေရိကန်၊ မက္ကဆီကိုနှင့် ကနေဒါ သုံး နိုင်ငံ ပူးတွဲအိမ်ရှင်အဖြစ် ကျင်းပသည့် အဆိုပါ ကမ္ဘာ့ဖလား ပွဲစဉ်များကို မြန်မာနိုင်ငံအတွက် တိုက်ရိုက်ပြသခွင့် ရရှိထားကြောင်း အာဏာလုစစ်အုပ်စု လက်အောက်ခံ Mytel က ၎င်းတို့၏ လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် ကြော်ငြာကာ Mytel ဆင်းမ်ကတ် သုံးစွဲသူများအနေဖြင့် TV360 App မှတစ်ဆင့် ငွေဖြည့်သွင်းကြည့်ရှုရန် ဆွဲဆောင် လျက်ရှိသည်။

Fncc Burma (Fact Check Community) က အမေရိကန်အစိုးရ၏ ပိတ်ဆို့အရေးယူမှုများ ရှိနေလင့်ကစား ဖီဖာ (FIFA) က အာဏာလုစစ်အုပ်စုနှင့် ဗီယက်နမ်စစ်တပ်ဖက်စပ် Mytel ကို ပြသခွင့် ပေးခဲ့ခြင်းအပေါ် ထောက်ပြဝေဖန်ထားပြီး ပြည်သူများအနေဖြင့် အာဏာလုစစ်အုပ်စုထံ ဝင်ငွေ စီးဆင်းမှု မရှိစေရန် Mytel မှတစ်ဆင့် ကြည့်ရှုခြင်းကို လုံးဝရှောင်ကြဉ်ကြရန် အသိပေး ထားသည်။

ထို့ပြင် တော်လှန်ရေးကို ပံ့ပိုးကူညီပေးမည့် အခြားသော အပလီကေးရှင်းများနှင့် နည်းလမ်းများစွာ ရှိနေသဖြင့် အဆိုပါ လမ်းကြောင်းများမှတစ်ဆင့်သာ ကမ္ဘာဖလားဘော်လုံးပွဲများကို ကြည့်ရှုကြရန် ဖော်ပြထားသည်။

အလားတူ မြေပြင်ကွင်းဆင်းစုံစမ်းဖော်ထုတ်ရေးအဖွဲ့တစ်ခုဖြစ်သည့် Justice For Myanmar (JFM) ၏ မေလကုန်ပိုင်း ထုတ်ပြန်ချက်အရ Mytel သည် အာဏာလုစစ်အုပ်စုအတွက် ၁၀ နှစ်တာကာလအတွင်း အမေရိကန်ဒေါ်လာ သန်း ၇၀၀ ကျော် အမြတ်ငွေ ရှာဖွေပေးရန် ရည်ရွယ်တည်ထောင်ထားသည့် အဓိက စီးပွားရေးဒေါက်တိုင်တစ်ခု ဖြစ်ကြောင်း သိရသည်။

Mytel ၏ ကမ္ဘာ့ဖလားရုပ်သံ မိတ်ဆက်ပွဲမတိုင်မီ JFM ၏ တိုင်ကြားမှုကြောင့် ဇွန်လဆန်းပိုင်းတွင် Meta ကုမ္ပဏီက Mytel အရောင်းကိုယ်စားလှယ်အကောင့်များ၊ စာမျက်နှာများနှင့် စစ်တပ်ဝါဒဖြန့်စာမျက်နှာ ပေါင်း ၁၀၉ ခုကို လူမှုကွန်ရက်ပေါ်မှ အပြီးတိုင် ဖယ်ရှားပိတ်ပင်ပေးခဲ့ကြောင်း သိရသည်။

ထို့ကြောင့် ပြည်သူလူထုအနေဖြင့် အာဏာလုစစ်အုပ်စု၏ အဓိက ရန်ပုံငွေလမ်းကြောင်းကို ဖြတ်တောက်နိုင်ရေးအတွက် Mytel စနစ်အား လုံးဝ (လုံးဝ) ဆက်လက် သပိတ်မှောက်ကြရန် တော်လှန် ရေးအင်အားစုများက အလေးအနက် တောင်းဆိုထားကြသည်။

By Htet Ko

Leave a Reply

Your email address will not be published. Required fields are marked *

You missed