PSM (NEWS) ဇွန် ၁၂၊ ၂၀၂၆ ပြင်သစ်အဆိုတော်နှင့် သရုပ်ဆောင် ပက်ထရစ် ဘရူးလ်အား မုဒိမ်းကျင့်မှု၊ မုဒိမ်းကျင့်ရန် ကြိုးပမ်းမှု၊ လိင်ပိုင်းဆိုင်ရာ စော်ကားမှုနှင့် အနိုင်ကျင့်မှုတို့ဖြင့် တရားဝင် စုံစမ်းစစ်ဆေးမှုများ စတင်ပြုလုပ်နေကြောင်း ဒေသတွင်း အစိုးရရှေ့နေရုံးက ကြာသပတေးနေ့တွင် ထုတ်ပြန်လိုက်သည်။ ယခုကဲ့သို့ တရားဝင် စုံစမ်းစစ်ဆေးမှု ပြုလုပ်ခြင်းသည် ကျူးလွန်ခဲ့သည့် ပြစ်မှုအတွက် ခိုင်လုံသော အကြောင်းပြချက်များ ရှိနေသည်ဟု ယူဆရပြီး ရုံးတင်စစ်ဆေးမှုဆီသို့ ဦးတည်သွားမည့် ခြေလှမ်းတစ်ခု ဖြစ်သည်။ ပြင်သစ်နိုင်ငံတွင် ရောင်းအားအကောင်းဆုံး အနုပညာရှင်တစ်ဦးဖြစ်သည့် အသက် ၆၇ နှစ်အရွယ် ဘရူးလ်သည် ၂၀၀၈ ခုနှစ်မှ ၂၀၁၉ ခုနှစ်အတွင်း ဖြစ်ပွားခဲ့သည့် အဆိုပါ စွပ်စွဲချက်များနှင့် ပတ်သက်၍ မိမိကိုယ်ကို အပြစ်မရှိကြောင်း ငြင်းဆိုထားသည်။ ၎င်းသည် ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့က စုံစမ်းစစ်ဆေးရေး တရားသူကြီးလေးဦးရှေ့မှောက်သို့ တရားဝင် စွဲချက်တင်ခံရရန် ရောက်ရှိခဲ့သည်။ ထို့အပြင် တရားသူကြီးများသည် ၁၉၉၂ ခုနှစ် စက်တင်ဘာလမှ ၂၀၀၈ ခုနှစ် စက်တင်ဘာလအတွင်း ဖြစ်ပွားခဲ့သည်ဟုဆိုသော အခြားသောသူ ၁၃ ဦး၏ ဖြစ်စဉ်များကိုလည်း သက်တမ်းကုန်ဆုံးမှုဆိုင်ရာ ဥပဒေများဖြင့် အကျုံးဝင်ခြင်း ရှိ/မရှိ ဆက်လက် စိစစ်သွားမည်ဖြစ်ကြောင်း ပြင်သစ်မီဒီယာများက ဖော်ပြထားသည်။ ဘရူးလ်အား စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေစဉ်အတွင်း တရားစီရင်ရေးဆိုင်ရာ ကြီးကြပ်မှုအောက်တွင် ထားရှိ၍ ပြန်လည် လွှတ်ပေးထားသည်။ ကိုးကား-Reuters Post navigation တရုတ်နိုင်ငံက ဖိလစ်ပိုင်ကာကွယ်ရေးဝန်ကြီး ဂီလ်ဘာတို တီအိုဒိုရိုအား ပိတ်ဆို့အရေးယူ မလေးရှားနိုင်ငံ၊ပါဆာဂူဒန်းမြို့တွင် ဓါတုပစ္စည်းယိုစိမ့်မှု ဖြစ်ပွား