PSM (NEWS)

မေ ၁၂၊ ၂၀၂၆

ယခုလအတွင်း ဟော်မုဇ်ရေလက်ကြား၌ ကိုရီးယားသင်္ဘောလုပ်ငန်းတစ်ခုမှ လည်ပတ်နေသော ကုန်တင်သင်္ဘောတစ်စီး တိုက်ခိုက်ခံရမှုကို တောင်ကိုရီးယားသမ္မတရုံး (Blue House) က တနင်္လာနေ့တွင် အပြင်းထန်ဆုံးစကားလုံးများဖြင့် ရှုတ်ချလိုက်ပြီး တိုက်ခိုက်သူကို အတည်ပြုနိုင်သည်နှင့် တုံ့ပြန်ဆောင်ရွက်သွားရန် စီစဉ်နေကြောင်း ပြောကြားခဲ့သည်။

တိုက်ခိုက်မှုကြောင့် သင်္ဘော၏ အင်ဂျင်ခန်းတွင် မီးလောင်မှုဖြစ်ပွားခဲ့ပြီး သင်္ဘောပဲ့ပိုင်းရှိ ထိခိုက်ပျက်စီးမှုများကို ကျွမ်းကျင်သူများက ကနဦးမှုခင်းဆေးပညာဆိုင်ရာ စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း သမ္မတရုံးအရာရှိတစ်ဦးက ပြောကြားသည်။

HMM Co. သင်္ဘောလိုင်းမှ လည်ပတ်နေသော Namu အမည်ရှိ အဆိုပါသင်္ဘောသည် အာရပ်စော်ဘွားများပြည်ထောင်စု (UAE) ကမ်းလွန်ပင်လယ်ပြင်၌ ရှိနေစဉ် တိုက်ခိုက်ခံရခြင်းဖြစ်ပြီး ထိုစဉ်က မည်သည့်စည်းမျဉ်းဥပဒေကိုမျှ ချိုးဖောက်ခဲ့ခြင်းမရှိကြောင်း၊ ထို့ကြောင့် စီးပွားရေးကုန်တင်သင်္ဘောတစ်စီးကို တိုက်ခိုက်ခြင်းမှာ မည်သို့မျှ ဆင်ခြေပေး၍မရသော ကိစ္စရပ်ဖြစ်ကြောင်း အဆိုပါအရာရှိက ဆက်လက်ပြောဆိုသည်။

တောင်ကိုရီးယား အမျိုးသားလုံခြုံရေးအကြံပေးအရာရှိ ဝီဆောင်လက် က “ဒီလုပ်ရပ်ကို ကျွန်တော်တို့ အပြင်းထန်ဆုံး ရှုတ်ချပါတယ်” ဟု သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ ဒူဘိုင်းဆိပ်ကမ်း၌ တောင်ကိုရီးယားအရာရှိများနှင့် ကျွမ်းကျင်သူများ၏ စစ်ဆေးချက်အရ သင်္ဘောတွင် ထိခိုက်ပျက်စီးမှုများရှိနေကြောင်း အတည်ပြုနိုင်ခဲ့ခြင်းဖြစ်သည်။

အဆိုပါတိုက်ခိုက်မှုတွင် အီရန်နိုင်ငံ၏ ပါဝင်ပတ်သက်မှု ရှိ၊ မရှိကိုမူ ရှင်းလင်းစွာ မသိရသေးပေ။ သင်္ဘော၏ ဘေးဘက်ကို အင်အားပြင်းထန်စွာ ထိမှန်ခဲ့သည့် အဆိုပါတိုက်ခိုက်မှုနှင့် ပတ်သက်၍ အီရန်အစိုးရက ယခင်က ငြင်းဆိုထားဖူးသည်။ တနင်္လာနေ့တွင် တောင်ကိုရီးယားနိုင်ငံရှိ အီရန်သံရုံးက ထုတ်ပြန်သော ကြေညာချက်၌ ၎င်းတို့အနေဖြင့် ယခုကိစ္စအပေါ် လက်ရှိတွင် တစ်စုံတစ်ရာ မှတ်ချက်ပေးရန်မရှိသော်လည်း တရားဝင်ရပ်တည်ချက် ထွက်ပေါ်လာပါက အသိပေးသွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ကမူဖြစ်စဉ်ဖြစ်ပွားပြီးပြီးချင်းမှာပင် အီရန်သည် ကိုရီးယားသင်္ဘောကို ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ပြောကြားခဲ့ပြီး၊ ရေလက်ကြားအတွင်း သင်္ဘောများ ဘေးကင်းလုံခြုံစေရေးအတွက် အမေရိကန် ဦးဆောင်သော ကြိုးပမ်းမှုများတွင် ပူးပေါင်းပါဝင်ရန် ဆိုးလ်အစိုးရကို တိုက်တွန်းခဲ့သည်။

By Htet Ko

Leave a Reply

Your email address will not be published. Required fields are marked *