PSM (NEWS) မေ ၁၁ ၊၂၀၂၆ ဗြိတိန်ဝန်ကြီးချုပ် ကီယာ စတာမာက ၎င်း၏အစိုးရအဖွဲ့သည် “၁၀ နှစ်ကြာ အကောင်အထည်ဖော်ရမည့် စီမံကိန်း” ဖြစ်သည်ဟု တုံ့ပြန်ပြောကြားလိုက်ပြီး ရာထူးမှနုတ်ထွက်ရန် တောင်းဆိုမှုများကို အလျှော့ပေးမည်မဟုတ်ဘဲ ဆက်လက်တိုက်ပွဲဝင်သွားမည်ဟု ကတိပြုလိုက်သည်။ ယခုသီတင်းပတ်အစောပိုင်းက ကျင်းပခဲ့သည့် ဒေသန္တရရွေးကောက်ပွဲများတွင် လေဘာပါတီ အရေးနိမ့်ခဲ့ပြီးနောက် ၎င်းအား ရာထူးမှနုတ်ထွက်ရန် ဖိအားပေးမှုများ ထွက်ပေါ်လာခြင်းဖြစ်သည်။ စတာမာ၏ လေဘာပါတီသည် အာဏာရပါတီတစ်ခုအနေဖြင့် ဆယ်စုနှစ် သုံးခုကျော်အတွင်း အဆိုးရွားဆုံး ဒေသန္တရရွေးကောက်ပွဲ ရှုံးနိမ့်မှုကို ကြုံတွေ့ခဲ့ရပြီး တစ်ဖက်တွင် လူထုအခြေပြု Reform UK ပါတီက သိသာထင်ရှားသော အောင်မြင်မှုများ ရရှိခဲ့သည်။ ယင်းအခြေအနေကြောင့် လေဘာပါတီ လွှတ်တော်အမတ် အများအပြားက ၎င်းအား ရာထူးမှဖယ်ရှားရန် တောင်းဆိုလာကြသည်။ စတာမာအစိုးရအဖွဲ့တွင် ဝန်ကြီးဟောင်းအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ကတ်သရင်း ဝက်စ်က အစိုးရအဖွဲ့အနေဖြင့် စတာမာအား ရာထူးမှဖယ်ရှားရန် တနင်္လာနေ့နောက်ဆုံးထား၍ အရေးယူဆောင်ရွက်ခြင်း မရှိပါက ပါတီခေါင်းဆောင်မှုအသစ် ရွေးချယ်နိုင်ရေးအတွက် လွှတ်တော်အမတ်များ၏ ထောက်ခံမှုကို ရှာဖွေသွားမည်ဟု ခြိမ်းခြောက်ပြောဆိုထားသည်။ ပါတီစည်းမျဉ်းများအရ လွှတ်တော်အမတ်စုစုပေါင်း၏ ၂၀ ရာခိုင်နှုန်း (သို့မဟုတ် အမတ် ၈၁ ဦး) က ထောက်ခံမှသာ ခေါင်းဆောင်မှုအသစ် ရွေးချယ်ပွဲကို ကျင်းပနိုင်မည်ဖြစ်သည်။ လက်ရှိအချိန်အထိ လွှတ်တော်အမတ် ၃၀ ခန့်က ၎င်း၏ခေါင်းဆောင်မှုကို လူသိရှင်ကြား ကန့်ကွက်ထားကြသည်။ တနင်္ဂနွေနေ့က ထုတ်ဝေသည့် Observer သတင်းစာနှင့် အင်တာဗျူးတွင် နောက်လာမည့် အထွေထွေရွေးကောက်ပွဲ၌ လေဘာပါတီကို ဆက်လက်ဦးဆောင်ကာ ဒုတိယသက်တမ်းကို အပြည့်အဝ တာဝန်ထမ်းဆောင်မည်လားဟု မေးမြန်းရာတွင် “ဟုတ်ကဲ့၊ ကျွန်တော် တာဝန်ယူသွားမှာပါ” ဟု စတာမာက ဖြေကြားခဲ့သည်။ ၎င်းက ဆက်လက်၍ “၂၀၂၄ ခုနှစ် ဇူလိုင်လမှာ ကျွန်တော့်ကို ရွေးချယ်တင်မြှောက်ခဲ့တဲ့ တာဝန်တွေကနေ စွန့်ခွာသွားမှာ မဟုတ်ပါဘူး။ နိုင်ငံကို ဖရိုဖရဲဖြစ်အောင် ကျွန်တော် လုပ်မှာမဟုတ်ဘူး” ဟု ဆိုသည်။ အကယ်၍ စတာမာသာ ရာထူးမှ ဖယ်ရှားခံရပါက ဗြိတိန်နိုင်ငံသည် လွန်ခဲ့သည့် ဆယ်စုနှစ်အတွင်း သတ္တမမြောက် ဝန်ကြီးချုပ်ကို တင်မြှောက်ရတော့မည်ဖြစ်သည်။ ရွေးကောက်ပွဲတွင် အရေးနိမ့်ခဲ့သော်လည်း စတာမာ၏ အစိုးရအဖွဲ့ဝင် ဝန်ကြီးများကမူ ၎င်းအပေါ် သစ္စာရှိနေကြဆဲဖြစ်သည်။ ပညာရေးဝန်ကြီး ဘရစ်ဂျက် ဖိလစ်ပ်ဆန်က စတာမာအနေဖြင့် အခြေအနေများကို ပြန်လည်ကောင်းမွန်အောင် လုပ်ဆောင်နိုင်လိမ့်မည်ဟု ယုံကြည်ကြောင်းနှင့် တနင်္လာနေ့တွင် ပြောကြားမည့် မိန့်ခွန်း၌ ဗြိတိန်အတွက် “လမ်းညွှန်ချက်အသစ်များ” ကို ထည့်သွင်းပြောကြားလိမ့်မည်ဟု Sky News သို့ ပြောကြားခဲ့သည်။ စတာမာသည် နောက်လာမည့် အမျိုးသားရွေးကောက်ပွဲကို ၂၀၂၉ ခုနှစ်ထက် နောက်မကျဘဲ ကျင်းပရမည်ဖြစ်သည်။ အကယ်၍ ၎င်းသာ ဒုတိယသက်တမ်းအထိ ရာထူးတွင် ဆက်ရှိနေပါက မာဂရက် သက်ချာနှင့် တိုနီ ဘလဲတို့ပြီးလျှင် ဗြိတိန်သမိုင်းတွင် သက်တမ်းအရှည်ကြာဆုံး တာဝန်ထမ်းဆောင်သည့် တတိယမြောက် ဝန်ကြီးချုပ် ဖြစ်လာမည်ဖြစ်သည်။ ကိုးကား-Reuters Post navigation မိုင်ယာမီအနီးတွင် စက်လှေတစ်စီး ပေါက်ကွဲမှုဖြစ်ပွားပြီး လူ ၁၁ ဦး ဒဏ်ရာရရှိကာ ဆေးရုံသို့ ပို့ဆောင်ထားရ ဟော်မုဇ်ရေလက်ကြားတွင် ကုန်တင်သင်္ဘော တိုက်ခိုက်ခံရမှုအပေါ် တောင်ကိုရီးယား ပြင်းထန်စွာရှုတ်ချ၊ တုံ့ပြန်ဆောင်ရွက်သွားမည်ဟု ကတိပြု