PSM (NEWS)

မေ ၁၂ ၊၂၀၂၆

တရုတ်နှင့် အမေရိကန် မူးယစ်ဆေးဝါးတိုက်ဖျက်ရေး အာဏာပိုင်များသည် မူးယစ်ဆေးဝါးမှောင်ခိုမှုနှင့် ရောင်းဝယ်ဖောက်ကားမှုဆိုင်ရာ ပူးပေါင်းစုံစမ်းစစ်ဆေးမှုတစ်ခုအတွင်း သံသယရှိသူ ၅ ဦးကို ဖမ်းဆီးခဲ့ပြီး မူးယစ်ဆေးဝါးအမြောက်အမြားကို သိမ်းဆည်းရမိခဲ့ကြောင်း တရုတ်အစိုးရပိုင် ဆင်ဟွာ သတင်းဌာနက တနင်္လာနေ့တွင် ဖော်ပြခဲ့သည်။

အာဏာပိုင်များသည် ဧပြီလအစောပိုင်းတွင် တရုတ်နိုင်ငံရှိ လျောင်နင်း နှင့် ကွမ်တုံပြည်နယ်များအပြင် အမေရိကန်နိုင်ငံရှိ ဖလော်ရီဒါ နှင့် နီဗားဒါးပြည်နယ်များတွင် တစ်ပြိုင်နက်တည်း စစ်ဆင်ရေးများ ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ အဆိုပါစစ်ဆင်ရေးအတွင်း တရုတ်နိုင်ငံသား ၂ ဦးနှင့် အမေရိကန်နိုင်ငံသား ၃ ဦးကို ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။

သိမ်းဆည်းရမိသည့် မူးယစ်ဆေးဝါးများထဲတွင် ပရိုတိုနီတာဇင်း (Protonitazene) ဟုခေါ်သော ဓာတ်ခွဲခန်းထုတ် ဘိန်းဖြူအနွယ်ဝင်ဆေးနှင့် ဘရိုမာဇိုလမ် (Bromazolam) ဟုခေါ်သော စိတ်ငြိမ်ဆေးတစ်မျိုးတို့ ပါဝင်ကြောင်း ဆင်ဟွာသတင်းက ဖော်ပြသည်။

အဆိုပါသတင်းသည် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ၏ တရုတ်နိုင်ငံခရီးစဉ် မတိုင်မီ ရက်ပိုင်းအလိုတွင် ထွက်ပေါ်လာခြင်းဖြစ်သည်။ သမ္မတ ထရမ့်သည် ၂၀၂၅ ခုနှစ်အစောပိုင်းတွင် ဖန်တနေး (Fentanyl) ထုတ်လုပ်ရာ၌ အသုံးပြုသည့် ရှေ့ပြေးဓာတုပစ္စည်းများ စီးဆင်းမှုကို တရုတ်နိုင်ငံက မတားဆီးနိုင်ဟုဆိုကာ တရုတ်ကုန်စည်များအပေါ် အခွန်တိုးမြှင့်ကောက်ခံခဲ့ဖူးသည်။

တရုတ်နိုင်ငံကမူ ဖန်တနေးနှင့်ပတ်သက်သော အမေရိကန်၏ စွပ်စွဲချက်များကို ပယ်ချထားပြီး ယင်းမှာ ဝါရှင်တန်တွင်သာ တာဝန်ရှိသည့် အမေရိကန်၏ ပြည်တွင်းပြဿနာဖြစ်ကြောင်း တုံ့ပြန်ထားသည်။

ပြီးခဲ့သည့်နှစ် အောက်တိုဘာလတွင် တရုတ်နိုင်ငံက တရားမဝင် မူးယစ်ဆေးဝါးရောင်းဝယ်မှုကို နှိမ်နင်းပေးရန် သဘောတူညီခဲ့သည့်အတွက် ထရမ့်က ဖန်တနေးနှင့်ပတ်သက်သော အခွန်ကောက်ခံမှုကို ထက်ဝက်လျှော့ချပေးခဲ့သော်လည်း အဆိုပါအခွန်ကို အမေရိကန်တရားရုံးချုပ်က ဖေဖော်ဝါရီလတွင် ပယ်ဖျက်ခဲ့သည်။

တရုတ်နိုင်ငံ အလယ်ပိုင်းရှိ ဟူဘေးပြည်နယ်တွင်လည်း ဖန်တနေးရှေ့ပြေးဓာတုပစ္စည်း ရောင်းဝယ်သူများကို ပစ်မှတ်ထားသည့် အထူးစီမံချက်တစ်ရပ်ကို ဆောင်ရွက်ခဲ့ပြီး ဖေဖော်ဝါရီလအထိ လူ ၇ ဦးကို ဖမ်းဆီးခွင့်ပြုခဲ့ကြောင်း ဆင်ဟွာသတင်းက မတ်လအတွင်း ဖော်ပြခဲ့သည်။

ထို့အပြင် မူးယစ်ဆေးဝါးမှောင်ခိုမှုဖြင့် သံသယရှိသည့် တရုတ်နိုင်ငံသား ဝရမ်းပြေးတစ်ဦးကို အမေရိကန်က တရုတ်နိုင်ငံသို့ ဧပြီလအစောပိုင်းတွင် လွှဲပြောင်းပေးအပ်ခဲ့ကြောင်း အစိုးရမီဒီယာများက ဖော်ပြထားသည်။

ကိုးကား-Reuters

By Htet Ko

Leave a Reply

Your email address will not be published. Required fields are marked *