PSM(News)

မတ် ၁၂ ၊ ၂၀၂၆

မွန်တော်လှန်ရေးအင်အားစုများအကြား စည်းလုံးညီညွတ်မှု မြှင့်တင်ရန်နှင့် မွန်ပြည်တည်ဆောက်ရေး အတွက် ဘုံသဘောထား ရပ်တည်ချက်များ ချမှတ်နိုင်ရန် ရည်ရွယ်ကျင်းပသည့် ‘မွန်တော်လှန်ရေးဖိုရမ်’ ကို မတ်လ ၉ ရက်မှ ၁၁ ရက်နေ့အထိ ၃ ရက်တိုင် ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါဖိုရမ်သို့ မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC)၊ မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) (NMSP/AD)၊ ပြည်ပရောက် မွန်ပူးပေါင်းဆောင်ရွက်ရေးကော်မတီ (OMCC)၊ မွန်ပြည်နယ်အတိုင်ပင် ခံကောင်စီ (MSCC) အပါအဝင် မွန်တော်လှန်ရေးအဖွဲ့အစည်းများ၊ အရပ်ဘက်အဖွဲ့အစည်းများနှင့် သံဃာတော်များ၊ ကိုယ်စားလှယ်စုစုပေါင်း ၇၃ ဦး တက်ရောက်ခဲ့ကြသည်။

မွန်တော်လှန်ရေးဖိုရမ်မှနေ၍ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အာမခံချက်ရှိသော ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုအတွင်းရှိ မွန်ပြည်တည်ဆောက်ရေး၊ ၂၀၂၅ ခုနှစ် အတုအယောင်ရွေးကောက်ပွဲမှ ထွက်ပေါ်လာမည့် အုပ်ချုပ်ရေးအဖွဲ့ကို မည်သည့်အခါမျှ အသိအမှတ်မပြုရေး နှင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် NCA ကို အခြေခံသည့် မည်သည့်နိုင်ငံရေးဆွေးနွေးပွဲကိုမျှ လက်ခံမည် မဟုတ် ဆိုသည့် ရပ်တည်ချက်များကို ချမှတ်နိုင်ခဲ့သည်။

ဖိုရမ်တွင် တူညီသည့် ဘုံရည်ရွယ်ချက် ငါး ချက်၊ ရွေးကောက်ပွဲနှင့် ပတ်သက်သည့် ရပ်တည်ချက် နှစ် ချက်နှင့် နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုဆိုင်ရာ ရပ်တည်ချက် နှစ် ချက်တို့ကို သဘောတူညီခဲ့ကြသည်။

ထို့ပြင် တော်လှန်ရေးကာလအတွက် ‘မွန်ပြည်တော်လှန်ရေးပဋိညဉ်’ ကို ရေးဆွဲသွားမည်ဖြစ်ပြီး၊ ပူးပေါင်းဆောင်ရွက်ရန် ‘မွန်တော်လှန်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအလုပ်အဖွဲ့’ တစ်ခုကိုလည်း ဖွဲ့စည်းခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယခုကျင်းပခဲ့သည့်ဖိုရမ်မှတစ်ဆင့် ဘုံသဘောထား ခိုင်မာစွာ ချမှတ်နိုင်ခဲ့ခြင်းကြောင့် မွန်တော်လှန်ရေး အရှိန်အဟုန်သည် ပိုမိုမြင့်မားလာမည်ဖြစ်သည်။ ထို့ကြောင့် မွန်ပြည်တည်ဆောက်ရေးကို ဦးတည်၍ မွန်တော်လှန်ရေးအဖွဲ့အစည်းများနှင့် မွန်ပြည်သူတစ်ရပ်လုံး လက်တွဲညီညီ တိုက်ပွဲဝင်သွားကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည် ဟု ဖိုရမ်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

#မွန်တော်လှန်ရေးအဖွဲ့အစည်းများ

#ဘုံသဘောထား

#ရွေးကောက်ပွဲ

#NCAလမ်းစဉ်

#လုံးဝလက်မခံ

#PSM_News

By Htet Ko