PSM(News) မတ် ၁၂၊ ၂၀၂၆ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ မြိတ်-ထားဝယ်ခရိုင်၊ ကစယ်ဒိုမြို့နယ်(သရက်ချောင်းနယ်မြေ)အတွင်းရှိ စစ်ကော်မရှင်၏ ဝင်းဝတပ်စခန်းကို KNU ပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။ KNU ဗျူဟာ (၂) ဦးဆောင်သည့် တပ်ဖွဲ့များသည် တနင်္သာရီတိုင်းရှိ ထားဝယ်-မြိတ် အမှတ် (၈) လမ်းမကြီး၊ မင်းဒပ်ကျေးရွာတွင် နှစ်ပေါင်း (၃၀) ကျော်ကြာ အခြေချတပ်စွဲထားသော အဆိုပါစခန်းကို ဖေဖော်ဝါရီ ၇ ရက်နေ့မှစတင်ကာ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ ဝင်း၀တပ်စခန်းကို ယမန်နေ့ မတ်လ ၁၁ ရက်နေ့၊ ညနေ ၄ နာရီခန့်က အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ် ကြောင်း KNU ဗဟိုက ယနေ့ မတ် ၁၂ ရက်နေ့တွင် ထုတ်ပြန်ထားသည်။ စစ်ကော်မရှင်၏ ဝင်း၀တပ်စခန်းသိမ်းတိုက်ပွဲတွင် KNLA တပ်မဟာ (၄)၊ တပ်ရင်း -၁၂၊ တပ်မဟာ (၆)၊ တပ်ရင်း -၂၇၊ တပ်မဟာ (၄) အထူးကွန်မန်ဒိုတပ်ဖွဲ့၊ ဗျူဟာ (၃၃) လက်အောက်ခံ T (5) တပ်ရင်း နှင့် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များ ပါဝင်ကြောင်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်အတွင်း မြိတ်-ထားဝယ်ခရိုင်၊ (၄) တပ်မဟာနယ်မြေ၌ တိုက်ပွဲပေါင်း (၅၅) ကြိမ် ဖြစ်ပွားခဲ့ပြီး စစ်ကော်မရှင်ဘက်မှ ၁၇၃ ဦး သေဆုံးကာ ၈၇ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။ ထို့ပြင် ထီးထာ၊ မယ်သမီခီး၊ အီးသာခေး၊ မောတောင် နှင့် မောမစား စသည့် တပ်စခန်းများကိုလည်း KNU ပူးပေါင်းတပ်ဖွဲ့များက သိမ်းပိုက်ရရှိခဲ့သည်။ အဆိုပါတိုက်ပွဲအတွင်း အသက်ပေးလှူသွားသော တော်လှန်ရေး သူရဲကောင်းများနှင့် ပြည်သူများအား အထူးဂုဏ်ပြုကြောင်း KNU၊ မြိတ်-ထားဝယ်ခရိုင်က ထုတ်ပြန်ထားသည်။ ထို့ပြင် စစ်ဆင်ရေးတွင် ရဲရင့်စွာ ပါဝင်တိုက်ခိုက်ခဲ့ကြသည့် အရာရှိ၊ စစ်သည်များနှင့် အဘက်ဘက်မှ ပံ့ပိုးကူညီခဲ့ကြသည့် ပြည်သူလူထုတစ်ရပ်လုံးကိုလည်း လေးစားစွာ အသိအမှတ်ပြုကြောင်း ဖော်ပြ ပါရှိသည်။ ဓာတ်ပုံ-KNU #နှစ်ပေါင်း၃၀ကျော် #ဝင်းဝတပ်စခန်း #KNU #ပူးပေါင်းတပ်ဖွဲ့များ #သိမ်းပိုက် #PSM_News Post navigation ကျောက်မဲတွင် စစ်ကော်မရှင်တပ်က အရပ်သားများကို ဘုန်းကြီးကျောင်း၌ ပိတ်လှောင်ကာ ကျောကုန်း အား ဓားဖြင့်လှီး၍ ရက်စက်စွာ နှိပ်စက် မွန်တော်လှန်ရေးအဖွဲ့အစည်းများ ဘုံသဘောထား ခိုင်မာစွာချမှတ်၊ စစ်ကော်မရှင်၏ ရွေးကောက်ပွဲနှင့် NCA လမ်းစဉ်ကို လုံးဝလက်မခံဟု ကြေညာ