PSM(News) မတ် ၁၂ ၊ ၂၀၂၆ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) နှင့် တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကော်မရှင်တပ်က ဒေသခံရွာသားများကို ဘုန်းကြီးကျောင်းတွင် စုပြုံ ဖမ်းဆီးကာ ကျောကုန်းကို ဓားဖြင့်လှီး၍ နှိပ်စက်စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် မတ်လ ၁၀ ရက်နေ့က ပုံဝိုးကျေးရွာအုပ်စုအနီးတွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် ညနေပိုင်းတွင် စစ်ကော်မရှင်၏ ခမရ-၅၀၆ နှင့် ခမရ-၁၁၅ ပူးပေါင်းတပ်ဖွဲ့များသည် ကျေးရွာအတွင်းသို့ ဝင်ရောက် လာကာ ရွာသားအားလုံးကို ပုံဝိုးဘုန်းကြီးကျောင်းတွင် ဖမ်းဆီးပိတ်လှောင်ခဲ့ခြင်းဖြစ်သည်။ စစ်ကော်မရှင်တပ်သည် ရွာသားများ၏ နေအိမ်များကို ဝင်ရောက်မွှေနှောက်ရှာဖွေခဲ့သည့်အပြင် ဘုန်းကြီးကျောင်းတွင် ဖမ်းဆီးထားသည့် ရွာသားအချို့ကို ရိုက်နှက်စစ်ဆေးခဲ့သည်။ ထိုသို့ စစ်ဆေး ရာတွင် ရွာသားအချို့၏ ကျောကုန်းကို ဓားဖြင့်လှီးဖြတ်ကာ လူမဆန်စွာ နှိပ်စက်ခဲ့ကြောင်း ဒေသခံ များ၏ ပြောကြားချက်အရ သိရသည်။ “ရှမ်းတပ်နဲ့ တိုက်ပွဲဖြစ်ရင် ရှမ်းလူမျိုးကို အဓိက ပစ်မှတ်ထားပြီး ဒုက္ခပေးတာ။ ဒါဟာ စစ်ကော် မရှင်တပ်ရဲ့ ထုံးစံပဲ။ သူတို့လို့ကြားရင် ပြေးရမယ်၊ ပုန်းရမယ်ဆိုတာမျိုး ဖြစ်နေပြီ။ နှိပ်စက် မခံချင်ရင် လက်နက်ကိုင် တော်လှန်ရမှာပဲ” ဟု ဒေသခံတစ်ဦးက ပြောဆိုကြောင်း SSPP က ဖော်ပြထားသည်။ စစ်ကော်မရှင်သည် ဖမ်းဆီးခံရသူအချို့ကို ပြန်လည်လွှတ်ပေးခဲ့သော်လည်း ဒေသခံအချို့မှာ ယနေ့တိုင် ဖမ်းဆီးခံထားရဆဲ ဖြစ်ကြောင်း သိရသည်။ လက်ရှိတွင် အဆိုပါဒေသ၌ စစ်ရေးတင်းမာနေပြီး စစ်ကော်မရှင်တပ်၏ ရန်ကိုကြောက်သဖြင့် ဒေသခံများမှာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ရန် ပြင်ဆင်နေကြကြောင်း SSPP ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ဓာတ်ပုံ-SSPP/SSA ပုံစာ-ပုံဝိုးကျေးရွာကိုတွေ့ရစဉ်။ #ကျောက်မဲ #စစ်ကော်မရှင်တပ် #အရပ်သားများ #ဘုန်းကြီးကျောင်း #နှိပ်စက် #PSM_News Post navigation ယင်းမာပင် တပ်ရင်း -၂၀ ရဲမေ လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခံရမှုအတွက် တပ်ရင်းမှူးအပါအဝင် သံသယရှိသူများကို ဖမ်းဆီးစစ်ဆေးနေဟု NUG ထုတ်ပြန် နှစ်ပေါင်း ၃၀ ကျော် အခြေချထားသည့် စစ်ကော်မရှင်၏ ဝင်းဝတပ်စခန်းကို KNU ပူးပေါင်းတပ်ဖွဲ့များ သိမ်းပိုက်ရရှိ