PSM(News)

မတ် ၁၁ ၊ ၂၀၂၆

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင် အမှတ် (၂၀) တပ်ရင်းတွင် တာဝန်ထမ်းဆောင်နေသည့် ရဲမေတစ်ဦး လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခံရမှုနှင့် လူ့အခွင့်အရေး ချိုးဖောက်ခံရမှုဖြစ်စဉ်တွင် ပါဝင်ပတ်သက်သူများကို ထိန်းသိမ်းထားပြီး စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေကြောင်းကို ယနေ့ မတ် ၁၁ ရက်တွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ထုတ်ပြန်သည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ ကာကွယ်ရေးဝန်ကြီးဌာနနှင့် ပြည်ထဲရေးဝန်ကြီးဌာနတို့ ပူးပေါင်းကာ အမှုမှန်ပေါ်ပေါက်ရေး ဆောင်ရွက်နေကြောင်း၊ လက်ရှိတွင် သက်ဆိုင်ရာ တပ်ရင်းမှ တပ်ရင်းမှူး၊ ဒုတပ်ရင်းမှူးနှင့် သံသယရှိသူများကို ထိန်းသိမ်းထားရှိပြီး ဖြစ်ကြောင်း NUG က ဆိုသည်။

နစ်နာသူနှင့် သက်သေများ ဘေးကင်းလုံခြုံရေးအတွက် အကောင်းဆုံး ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး ကျူးလွန်သူများကို စစ်ဘက်ဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့်အညီ ထိရောက်စွာ အရေးယူမည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ Women Alliance Burma အပါအဝင် အမျိုးသမီးနှင့် လူမှုအဖွဲ့အစည်းပေါင်း ၁၄၉ ဖွဲ့ကလည်း ပြီးခဲ့သည့် မတ်လ ၉ ရက်နေ့တွင် ပူးပေါင်း ထုတ်ပြန်ချက်တစ်ရပ် ထုတ်ပြန်ကာ တောင်းဆိုခဲ့ကြသည်။

အဆိုပါ ထုတ်ပြန်ချက်တွင် တပ်ရင်းမှူး ရန်ရှင်းအောင်နှင့် ကျူးလွန်သူများအားလုံးကို တော်လှန်ရေး တရားစီရင်ရေးစနစ်အရ အမြန်ဆုံး အရေးယူရန်၊ နစ်နာသူ အမျိုးသမီးနှင့် မိသားစုကို တပ်ရင်း၏ ဖိအားပေးမှုများမှ ကင်းလွတ်သည့် ဘေးကင်းရာနေရာသို့ ရွှေ့ပြောင်းစောင့်ရှောက်ပေးရန်၊ တော်လှန်ရေး ၅ နှစ်တာအတွင်း ကျူးလွန်ခံခဲ့ရသည့် အမျိုးသမီးနှင့် ကလေးငယ်များအတွက် တရားမျှတမှု ဖော်ဆောင်ပေးရန်နှင့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုတားဆီးရေးမူဝါဒများကို လက်တွေ့ကျကျ အကောင်အထည်ဖော်ရန် တို့ ပါဝင်သည်။

NUG အနေဖြင့် အဆိုပါအမှုအား လူမှုကွန်ရက်ပေါ်တွင် မပျံ့နှံ့မီကတည်းက လိုအပ်သည့် စစ်ဆေး မေးမြန်းမှုများ စတင်ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း အသိပေးထားသည်။

ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလကုန်ပိုင်းတွင် ယင်းမာပင်တပ်ရင်း (၂၀)၌ ဖြစ်ပွားခဲ့သည့် အဆိုပါ ဖြစ်စဉ်တွင် ရဲမေတစ်ဦးအား တပ်ရင်းမှူးနှင့် အဖွဲ့က လိမ်လည်ခေါ်ဆောင်ကာ အချုပ်ခန်းအတွင်း၌ လက်ထိပ်ခတ် ဖမ်းဆီးခြင်း၊ ရက်စက်စွာ ရိုက်နှက်ခြင်းနှင့် အကြိမ်ကြိမ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ ကျူးလွန်ခဲ့သည်။

ထို့အပြင် ရဲမေ၏ ခန္ဓာကိုယ်ပေါ်တွင် ဓားဖြင့် စာလုံးများ ထွင်းရေးသားခြင်း၊ ဘာသာရေးအရ ခွဲခြား ဆက်ဆံခြင်းနှင့် မိသားစုလုံခြုံရေးကို အကြောင်းပြ၍ ခြိမ်းခြောက်မှုများ ပြုလုပ်ခဲ့ကြောင်း ကာယကံရှင်၏ ထွက်ဆိုချက်အရ သိရသည်။

ဓာတ်ပုံ-Alice Honey (လူမှုကွန်ရက်)

ပုံစာ-ကျူးလွန်ခံရသူ ရဲမေ၏ ခန္ဓာကိုယ်တွင် ဓားဖြင့် စာလုံးများ ထွင်းရေးသားခြင်းကို တွေ့ရစဉ်။

#ယင်းမာပင်

#တပ်ရင်း၂၀

#ရဲမေ

#လိင်ပိုင်းဆိုင်ရာကျူးလွန်ခံရမှု

#ဖမ်းဆီးစစ်ဆေ

#NUG

#PSM_News

By Htet Ko