PSM (NEWS)
ဖေဖော်ဝါရီ ၁၂၊ ၂၀၂၆

မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ စစ်အာဏာသိမ်းချိန်မှစ၍ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၃ ရက်နေ့အထိ ကျန်းမာရေးစောင့်ရှောက်မှုစနစ်အပေါ် အကြမ်းဖက်တိုက်ခိုက်မှုနှင့် အဟန့်အတားပြုမှု အနည်းဆုံး ၁,၈၅၃ ကြိမ် ဖြစ်ပွားခဲ့ကြောင်း Insecurity Insight ၏ နောက်ဆုံးထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။

အဆိုပါ အစီရင်ခံစာကို ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပူးပေါင်းညှိနှိုင်းရေးရုံး (OCHA) ၏ ReliefWeb ဝက်ဘ်ဆိုဒ်တွင် ဖေဖော်ဝါရီလ ၁၀ ရက်နေ့၌ တရားဝင် ထုတ်ပြန်ခဲ့ခြင်း ဖြစ်ပါသည်။

အစီရင်ခံစာပါ အချက်အလက်များအရ ငါးနှစ်နီးပါးကာလအတွင်း ကျန်းမာရေးဝန်ထမ်း ၁၆၃ ဦး သေဆုံးခဲ့ပြီး၊ ၉၀၆ ဦး ထက်မနည်း ဖမ်းဆီးထိန်းသိမ်းခံခဲ့ရကြောင်း သိရပါသည်။ ထို့ပြင် ဆေးရုံ၊ ဆေးခန်းနှင့် ဆေးဝါးသိုလှောင်ရုံများ အပါအဝင် ကျန်းမာရေးဆိုင်ရာ အဆောက်အအုံပေါင်း ၄၆၀ ခုမှာ ပျက်စီးခြင်း သို့မဟုတ် ဖျက်ဆီးခြင်း ခံခဲ့ရပါသည်။

ယင်းကဲ့သို့သော တိုက်ခိုက်မှုများကြောင့် မြန်မာနိုင်ငံ၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ပြင်းထန်စွာ ထိခိုက်လျက်ရှိပြီး လူနာများ၏ အသက်အန္တရာယ်ကိုပါ ထိခိုက်စေနိုင်သည့် အခြေအနေသို့ ရောက်ရှိစေခဲ့ကြောင်း ထောက်ပြထားပါသည်။

အဆိုပါ တိုက်ခိုက်မှုပေါင်း ၁,၈၅၃ ကြိမ်အနက် ၇၀ ရာခိုင်နှုန်းမှာ မြန်မာစစ်ကောင်စီတပ် (MAF) ၏ လက်ချက်ဖြစ်ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားပါသည်။ တိုက်ခိုက်မှုပုံစံများအနေဖြင့် လေကြောင်းဗုံးကြဲတိုက်ခိုက်ခြင်း၊ ဒရုန်း (Drone) များဖြင့် တိုက်ခိုက်ခြင်းနှင့် လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းတို့ ပါဝင်ကြောင်း သိရပါသည်။

၂၀၂၅ ခုနှစ်အတွင်း ရန်ကုန်တိုင်းဒေသကြီး၌ ကျန်းမာရေးဝန်ထမ်းများကို ဖမ်းဆီးခြင်းနှင့် ပုဂ္ဂလိကဆေးရုံများကို အဓမ္မပိတ်သိမ်းခြင်းများ ပိုမိုမြင့်တက်လာခဲ့ကြောင်းလည်း အစီရင်ခံစာတွင် ထည့်သွင်းဖော်ပြထားပါသည်။

နောက်ဆက်တွဲ ဆိုးကျိုးများအဖြစ် ကျန်းမာရေးဝန်ထမ်းများ၊ အထူးသဖြင့် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်သူများနှင့် နိုင်ငံရေးအရ ဝေဖန်သူများကို ပစ်မှတ်ထား ဖမ်းဆီးမှုများ ဆက်လက်ဖြစ်ပွားနေကြောင်း သိရပါသည်။ ထို့အပြင် ဆေးဝါးနှင့် ဆေးဘက်ဆိုင်ရာ အထောက်အပံ့များ သယ်ယူပို့ဆောင်မှုကို ကန့်သတ်ခြင်း၊ ဆေးရုံများကို ချိပ်ပိတ်ခြင်းနှင့် လုယက်ဖျက်ဆီးခြင်းတို့ကြောင့် ဒေသခံပြည်သူများအနေဖြင့် အခြေခံကျန်းမာရေးစောင့်ရှောက်မှု ရရှိရန်ပင် ခက်ခဲနေကြောင်း ဖော်ပြထားပါသည်။

အဆိုပါ အခြေအနေများသည် မြန်မာနိုင်ငံ၏ ကျန်းမာရေးစနစ်ကို ရေရှည်ထိခိုက်ပျက်စီးစေနိုင်ပြီး ပြည်သူများ၏ လူမှုဘဝအပေါ် ဆိုးကျိုးများစွာ သက်ရောက်စေနိုင်ကြောင်း အစီရင်ခံစာက နိဂုံးချုပ် သတိပေးထားပါသည်။

ကိုးကား – ReliefWeb / Insecurity Insight
ဓာတ်ပုံ – ပုံဟောင်း (Crd)

စစ်အာဏာသိမ်း

ကျန်းမာရေးစောင့်ရှောက်မှု

လေကြောင်းတိုက်ခိုက်မှု

အကြမ်းဖက်တိုက်ခိုက်မှု

လူမှုဘဝအပေါ်ဆိုးကျိုး

PSM_News

By Htet Ko