PSM(News)

ဇူလိုင် ၁၀ ၊ ၂၀၂၆

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ အင်းတော်ကြီးဒေသ ဝှေလုံကျေးရွာတွင် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) မှ တပ်ဖွဲ့ဝင်တစ်ဦး အရက်မူးပြီး သေနတ်ဖြင့် ပစ်ခတ်ခဲ့မှုကြောင့် KIO (ကချင်လွတ်လပ်ရေးအဖွဲ့ချုပ်) က ခန့်အပ်ထားသည့် ကျေးရွာဥက္ကဋ္ဌ လင်မယား နှစ်ဦးစလုံး သေနတ်ကျည်ထိမှန် ကွယ်လွန်ခဲ့ကြောင်း သိရသည်။

ဝှေလုံကျေးရွာအတွင်း ပြီးခဲ့သည့် ဇူလိုင် ၇ ရက် ညပိုင်းက အရက်မူးရူးနေသည့် KIA တပ်ဖွဲ့ဝင်နှစ်ဦးအနက် တစ်ဦးက သေနတ်ဖြင့် အကြောင်းမဲ့ ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။ အဆိုပါ ပစ်ခတ်မှုကြောင့် ဝှေလုံကျေးရွာဥက္ကဋ္ဌ ဦးအိုက်နှောင်းနှင့် ဇနီးဖြစ်သူ ဒေါ်ချိုချိုဦးတို့ ဇနီးမောင်နှံနှစ်ဦးစလုံး ပွဲချင်းပြီး သေဆုံးခဲ့ရသည်။

ထို့ပြင် အနီးနားရှိ ရပ်မိရပ်ဖ ဦးမြင့်မောင်နှင့် ဒေသခံအမျိုးသမီးတစ်ဦးတို့လည်း သေနတ်ကျည် ထိမှန်ဒဏ်ရာ ပြင်းထန်စွာ ရရှိခဲ့သဖြင့် လက်ရှိတွင် ဆေးရုံ၌ အရေးပေါ် ကုသမှုခံယူနေရဆဲ ဖြစ်ကြောင်း သိရသည်။

“အခုထိ ကြားထားရတဲ့ သတင်းကတော့ တပ်မဟာ ၉ စစ်ခုံရုံးကနေ စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့ပြီး မြေပြင်အထိ ကွင်းဆင်း စုံစမ်းစစ်ဆေးတာတွေ ဝင်နေတယ်လို့ သိရတယ်” ဟု စစ်ရေးနီးစပ်သည့် သတင်းရင်းမြစ်က PSM ကို အတည်ပြုပြောကြားသည်။

သေနတ်ဖြင့် ပစ်ခတ်ကျူးလွန်ခဲ့သည့် KIA တပ်ဖွဲ့ဝင်မှာမူ အခင်းဖြစ်ပွားပြီး မိနစ် ၂၀ ခန့်အကြာတွင် ဒေသခံများက ဝိုင်းဝန်းဖမ်းဆီးရန် ကြိုးပမ်းစဉ် မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပြန်လည်ပစ်ခတ်ကာ အဆုံးစီရင်သွားခဲ့သည်။ လက်ရှိတွင် အရက်မူးပြီး ၎င်းနှင့်အတူ ရှိနေခဲ့သည့် ကျန်တပ်ဖွဲ့ဝင်တစ်ဦးကို ဥပဒေအရ အရေးယူနိုင်ရန်အတွက် စစ်ဘက်ဆိုင်ရာ တာဝန်ရှိသူများက ထိန်းသိမ်းစစ်ဆေးလျက်ရှိသည်။

KIA တပ်မဟာ (၉) စစ်ခုံရုံးသည် ယခုဖြစ်စဉ်အတွက် တရားစီရင်ရေးနှင့် စုံစမ်းစစ်ဆေးရေးလုပ်ငန်းများကို ချက်ချင်းလုပ်ဆောင်နေပြီး ထိခိုက်နစ်နာခဲ့ရသည့် မိသားစုဝင်များကိုလည်း KIA က တရားဝင် တောင်းပန်စကားဆိုထားသည်။

ထို့ပြင် ကွယ်လွန်သူ ဥက္ကဋ္ဌလင်မယားအတွက် နစ်နာကြေးပေးလျော်နိုင်ရေးနှင့် အမှုကိစ္စ ပြေလည်စေရေးအတွက် ဒေသခံ ရပ်မိရပ်ဖများနှင့် ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်နေကြောင်း သိရသည်။

ယခု အပြစ်မဲ့ပြည်သူများ သေဆုံးခဲ့ရသည့် အင်းတော်ကြီးဒေသသည် KIA တပ်မဟာ (၉) ထိန်းချုပ်လှုပ်ရှားရာ နယ်မြေဖြစ်သော်လည်း အခြားတစ်ဖက်တွင် အာဏာလုစစ်အုပ်စု လက်ဝေခံ ရှမ်းနီအမျိုးသားများတပ်မတော် (SNA) ကလည်း အခြေချလှုပ်ရှားလျက်ရှိသည်။

လက်ရှိတွင် ဒေသတွင်း၌ SNA နှင့် အာဏာလုစစ်တပ်တို့ ပူးပေါင်းကာ စစ်ကြောင်းထိုး လှုပ်ရှားမှုများ ပြုလုပ်နေသောကြောင့် KIA နှင့် ထိတွေ့တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေပြီး စစ်ရေးအလွန် တင်းမာနေဆဲ ဖြစ်သည်။

ယခုကဲ့သို့ စစ်ရေးတင်းမာနေသည့် ကာလအတွင်း တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့၏ စည်းကမ်းပိုင်းဆိုင်ရာ အားနည်းချက်ကြောင့် ပြည်သူများ အသက်ဆုံးရှုံးမှုဖြစ်ပေါ်ခဲ့၍ ဒေသခံများအကြား ဝေဖန်မှုများ ထွက်ပေါ်နေကြောင်း သိရသည်။

ဓာတ်ပုံ-CJ

By Htet Ko

Leave a Reply

Your email address will not be published. Required fields are marked *

You missed