PSM (News) ဇူလိုင် ၁၀ ၊ ၂၀၂၆ စစ်ပွဲဒဏ်ကို ပြင်းထန်စွာ ခံစားနေရသော စစ်ကိုင်းတိုင်း၊ ကသုံးလုံး (ကသာ၊ ကောလင်း၊ ကန်ဘလူ) နယ်မြေအတွင်းရှိ စစ်ဘေးရှောင်စခန်းတစ်ခုတွင် အိမ်ထောင်သက် ၁၀ နှစ်နီးပါးကြာ ရင်သွေး ရရှိခဲ့ခြင်းမရှိသည့် စစ်ရှောင်ဇနီးမောင်နှံသည် ပြီးခဲ့သည့် ဇူလိုင် ၆ ရက်နေ့က ယောက်ျားလေး သုံးမွှာပူး ရင်သွေးငယ်များကို အောင်မြင်စွာ မွေးဖွားနိုင်ခဲ့ကြောင်း သိရသည်။ အဆိုပါ သုံးမွှာပူး မွေးဖွားမှုကို ဆေးဝါးနှင့် စက်ပစ္စည်းကိရိယာများ ပြည့်စုံမှုမရှိသည့် ကြားမှပင် CDM ဆရာဝန်များနှင့် သူနာပြုများက အောင်မြင်စွာ မွေးဖွားပေးခဲ့ခြင်း ဖြစ်သည်။ မွေးဖွားလာသည့် သုံးမွှာပူး ညီအစ်ကိုများမှာ အချင်းတစ်ခုတည်းဖြင့် မွေးဖွားခြင်းဖြစ်ကာ တနင်္လာ သားလေးများ ဖြစ်ကြပြီး လက်ရှိတွင် မိခင်ရော ကလေးများပါ ကျန်းမာရေး ကောင်းမွန် လျက်ရှိကြောင်း သိရသည်။ သုံးမွှာပူးများအနက် အကြီးဆုံးဖြစ်သူကို ကေမိုးသက်တင် (၄ ပေါင် ၄ အောင်စ)၊ အလတ်ဖြစ်သူအား ကေမိုးထက်လွင် (၃ ပေါင် ၆ အောင်စ) နှင့် အငယ်ဆုံးဖြစ်သူအား ကေမိုးစက်သွင် (၃ ပေါင် ၈ အောင်စ) ဟု အသီးသီး အမည်ပေးထားကြောင်း သိရသည်။ “ကလေးတွေ ကျန်းမာရေး အကုန်ကောင်းပါတယ်။ တနင်္လာသားလေးတွေပါ။ အချင်းတစ်ခုတည်းကနေ မွေးလာတာပါ” ဟု မီးဖွားရာတွင် ကိုယ်တိုင်ပါဝင် ကူညီခဲ့သည့် ကျန်းမာရေးဝန်ထမ်းတစ်ဦးက PSM ကို ပြောသည်။ အဆိုပါ စစ်ရှောင်ဇနီးမောင်နှံသည် ယခင်က ကလေးရရှိရန်အတွက် ကုန်ကျစရိတ်အများအပြား အကုန်အကျခံကာ နာမည်ကြီး သားဖွားမီးယပ်အထူးကုဆရာဝန် (OG) များ နှင့် ဆေးခန်းပေါင်းစုံတွင် နှစ်ရှည်လများ ပြသခဲ့ဖူးကြောင်း သိရသည်။ သို့သော်ရင်သွေးမရရှိခဲ့ဘဲ စစ်ဘေးဒဏ်ကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရပြီး စစ်ဘေး ရှောင်စခန်း ရောက်ရှိမှသာ ယခုကဲ့သို့ သုံးမွှာပူးရင်သွေးများကို တိုက်ဆိုင် အံ့ဩဖွယ် ရရှိမွေးဖွားခဲ့ခြင်း ဖြစ်သည်။ စစ်ကိုင်းတိုင်းအပါအဝင် တော်လှန်ရေး အားကောင်းသည့် ဒေသအသီးသီးတွင် ရှိနေကြသော ကိုယ်ဝန် ဆောင်မိခင်များသည် ဆေးဝါးအခက်အခဲနှင့် ကျန်းမာရေးစောင့်ရှောက်မှု ကင်းမဲ့ခြင်း စသည့် စိန်ခေါ်မှုများစွာနှင့် ရင်ဆိုင်နေကြရပြီး အာဏာလုစစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုများ၊ စစ်ကြောင်း ထိုး ပစ်ခတ်ဖမ်းဆီးမှုများနှင့် အကြမ်းဖက်သတ်ဖြတ်မှုများကြောင့် စစ်ပြေးဒုက္ခသည်များ အဖြစ် ဘေးလွတ်ရာသို့ ပြေးလွှားနေကြရသည်။ တော်လှန်ရေးနယ်မြေရှိ CDM ဆရာဝန်များနှင့် သူနာပြုများသည် ထိုသို့ တောတောင်များနှင့် ယာယီ စခန်းများအတွင်း ဆေးဝါး၊ မီးဖွားရေးကိရိယာများနှင့် အာဟာရ ပြည့်စုံခြင်းမရှိသည့် အခက် အခဲများ ကြားမှပင် ပြည်သူ့အသက်များကို ခက်ခက်ခဲခဲ ကယ်ဆယ်စောင့်ရှောက် ပေးနေရကြောင်း သိရသည်။ ဓာတ်ပုံ-ပေးပို့ ပုံစာ – စစ်ကိုင်းတိုင်း ကသုံးလုံးနယ်မြေ စစ်ဘေးရှောင်စခန်းတစ်ခုတွင် ကျန်းမာစွာ မွေးဖွားလာသော သုံးမွှာပူး ညီအစ်ကိုများကို တွေ့ရစဉ်။ Post navigation စစ်အစိုးရအဆက်ဆက် အမျိုးသားရေးဝါဒဖြန့်ခဲ့သည့် စာရေးဆရာမကြီးဒေါက်တာမတင်ဝင်း ရန်ကုန် စစ်ဆေးရုံတွင် ကွယ်လွန်၊ မင်္ဂလာဒုံ စစ်သင်္ချိုင်းသို့ ပို့ဆောင်မီးသင်္ဂြိုဟ်မည် အင်းတော်ကြီးတွင် အရက်မူးနေသည့် KIA တပ်ဖွဲ့ဝင်က သေနတ်ဖြင့်ပစ်၍ KIO ခန့် ရွာဥက္ကဋ္ဌ လင်မယား သေဆုံး၊ ကျူးလွန်သူက မိမိကိုယ်ကိုယ် ပြန်လည်အဆုံးစီရင်