PSM(News)

ဇူလိုင် ၁၀ ၊ ၂၀၂၆

မကွေးတိုင်း၊ ချောက်မြို့နယ်အတွင်း၌ အာဏာလုစစ်အုပ်စု၏ ရဲကွန်မန်ဒိုစစ်ကြောင်းကို ကြားဖြတ် ခြုံခိုတိုက်ခိုက်ရန် ပြင်ဆင်နေသည့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) အဖွဲ့များ တန်ပြန် ပိတ်ဆို့တိုက်ခိုက်ခံရသဖြင့် ရဲဘော် ၂၀ ဦးခန့် ထိခိုက်ကျဆုံးမှုရှိကြောင်း စစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။

ဖြစ်စဉ်မှာ ယနေ့ ဇူလိုင်လ ၁၀ ရက် နံနက်ပိုင်းတွင် ချောက်မြို့နယ်နှင့် ရေနံချောင်းမြို့နယ်အစပ်ရှိ တောင်သာကျေးရွာနှင့် စမ်းစုကျေးရွာအကြား၌ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

အာဏာလုစစ်အုပ်စု လက်အောက်ခံ ဒုရဲမှူးကြီး ကျော်သူ ဦးစီးသော အင်အား ၁၀၀ ကျော်ပါ အာဏာလုစစ်အုပ်စု၏ ရဲကွန်မန်ဒိုစစ်ကြောင်းကို မကွေးတိုင်းအခြေစိုက် PDF တပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက်ရန် ပြင်ဆင်နေချိန်တွင် တန်ပြန်ပိတ်ဆို့ တိုက်ခိုက်ခြင်းကို ခံလိုက်ရခြင်း ဖြစ်သည်။

“သွားပြီးတော့ ချဉ်းကပ်ပြီး တိုက်တာပေါ့။ အဲဒီအနားမှာ ရန်သူက အရောင်ပြထားပြီးတော့ ပြန်အတိုက် ခံရတဲ့ သဘောမျိုးဖြစ်တာပေါ့။ ရန်သူက အရောင်ပြ ကိုယ့်ကို မျှားထားပြီးတော့မှ အနောက်ကနေ ပြန်ဝိုက်တဲ့ သဘောမျိုး အဲဒီလိုမျိုးဖြစ်တာ။ ရဲဘော် ၂၀ ဝန်းကျင်လောက် ထိခိုက်ကျဆုံးရှိတယ်လို့ သိရတယ်” ဟု မြေပြင်စစ်ရေးသတင်းရင်းမြစ်က PSM ကို ပြောသည်။

‎အဆိုပါ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားစဉ်အတွင်း တော်လှန်ရေးတပ်ဖွဲ့များဘက်မှ ထိခိုက်ကျဆုံးမှု အများအပြားရှိခဲ့သည့်အပြင် လက်နက်ခဲယမ်း ဆုံးရှုံးမှုအချို့လည်း ရှိခဲ့ကြောင်း ကနဦး စစ်ရေး သတင်းများအရ သိရသည်။

သို့သော်လည်း ယခုသတင်း ရေသားထုတ်လွှင့်သည့် အချိန်အထိ အဆိုပါ တိုက်ပွဲဖြစ်စဉ်နှင့် ပတ်သက်၍ သက် ဆိုင်ရာ PDF တပ်ရင်းတပ်ဖွဲ့များဘက်က တစ်စုံတစ်ရာ တရားဝင် ထုတ်ပြန်ပြောဆိုခြင်း မရှိသေးသဖြင့် မည်သည့်တပ်ရင်းများ ထိခိုက်ခဲ့သည်ကို အသေးစိတ် သိရှိရခြင်း မရှိသေးပေ။

ယခုဖြစ်စဉ်သည် မကွေးတိုင်းအတွင်း ၂၀၂၆ ခုနှစ်၌ ဖြစ်ပွားခဲ့သော တိုက်ပွဲများအနက် ပြည်သူ့ ကာကွယ်ရေးတပ်မတော် (PDF) ဘက်မှ ထိခိုက်ကျဆုံးမှု အများဆုံးဖြစ်ပွားခဲ့သည့် တိုက်ပွဲဖြစ်စဉ်တစ်ခု ဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ-အာဏာလုစစ်အုပ်စု၏ဝါဒဖြန့်မီဒီယာများ၊

By Htet Ko

Leave a Reply

Your email address will not be published. Required fields are marked *

You missed