PSM (News)

ဇူလိုင်၁၁၊၂၀၂၆

စပိန်နိုင်ငံတောင်ပိုင်းတွင် ညတွင်းချင်း လောင်ကျွမ်းခဲ့သည့် တောမီးကြောင့် နိုင်ငံခြားသားများအပါအဝင် အနည်းဆုံး လူ (၁၂) ဦး သေဆုံးပြီး (၈) ဦး ဒဏ်ရာရရှိကာ (၂၃) ဦး ပျောက်ဆုံးနေကြောင်း တာဝန်ရှိသူများက သောကြာနေ့တွင် အတည်ပြုပြောကြားလိုက်သည်။

အဆိုပါ တောမီးသည် ကြာသပတေးနေ့ ညပိုင်းတွင် အလ်မေရီးယား ပြည်နယ်ရှိ ဆီအာရာ ဒီ လော့စ် ဖီလာဘရက်စ် တောင်တန်းအနီးတွင် စတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်သည်။

နိုင်ငံအတွင်း အပူချိန် လွန်ကဲစွာ မြင့်တက်နေချိန်တွင် ဖြစ်ပွားခဲ့သည့်အတွက် စပိန်နိုင်ငံ၏ သေဆုံးမှုအများဆုံး တောမီးလောင်ကျွမ်းမှုတစ်ခုအဖြစ် မှတ်တမ်းဝင်ခဲ့သည်။

အန်ဒလူစီယာဒေသ၏ အရေးပေါ်ဝန်ဆောင်မှုဌာန အကြီးအကဲ အန်တိုနီယို ဆန်ဇ် ၏ အဆိုအရ သေဆုံးသူအများစုသည် အိမ်တွင်း၌သာ နေထိုင်ရန် တာဝန်ရှိသူများ၏ ညွှန်ကြားချက်ကို လိုက်နာခြင်းမရှိဘဲ ထွက်ပြေးရန် ကြိုးပမ်းခဲ့ကြသူများဖြစ်ကြောင်း သိရသည်။ အချို့မှာ မြစ်ခြောက်တစ်ခုအတွင်းမှတစ်ဆင့် ထွက်ပြေးရန် ကြိုးပမ်းခဲ့ရာ ယင်းနေရာမှာ “သေမင်းတမန် ထောင်ချောက်” တစ်ခုအဖြစ် ပြောင်းလဲသွားခဲ့သည်။

သေဆုံးသူများထဲတွင် ဗြိတိန်နိုင်ငံသား (၄) ဦး ပါဝင်နိုင်ကြောင်း၊ ၎င်းတို့စီးနင်းလာသည့် မော်တော်ကား၏ စတီယာရင်မှာ ညာဘက်တွင်ရှိနေခြင်းကိုကြည့်၍ ခန့်မှန်းရကြောင်း ဒေသဆိုင်ရာ အာဏာပိုင်များက ပြောသည်။ အခြားနိုင်ငံခြားသားများလည်း ပါဝင်နိုင်ပြီး သေဆုံးသူဦးရေ ထပ်မံတိုးလာနိုင်ကြောင်း စိုးရိမ်လျက်ရှိသည်။

စစ်တပ်အရေးပေါ်တပ်ဖွဲ့ဝင် (၂၂၀) နှင့် မီးသတ်သမား (၁၅၀) ကျော်တို့သည် တောနှင့် လယ်မြေဧက (၇,၉၀၀) ကျော်ကို လောင်ကျွမ်းစေခဲ့သည့် အဆိုပါ မီးကို ငြှိမ်းသတ်ရန် ကြိုးပမ်းလျက်ရှိသည်။ သို့သော် မြေပြင်အနေအထားမှာ မတ်စောက်ပြီး ခြောက်သွေ့နေသဖြင့် မီးငြှိမ်းသတ်ရန် အလွန်ခက်ခဲနေကြောင်း ဒေသဆိုင်ရာ ခေါင်းဆောင် ဟွမ် မန်နူရယ် မိုရီနို ပြောကြားခဲ့သည်။

ကိုးကား-AP

By Htet Ko

Leave a Reply

Your email address will not be published. Required fields are marked *

You missed