PSM (News) ဇူလိုင် ၁၁၊ ၂၀၂၆ အိန္ဒိယနိုင်ငံ၊ အရှေ့ပိုင်းပြည်နယ်တစ်ခုတွင် (၁၁) နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး အဓမ္မကျင့် သတ်ဖြတ်ခံရမှုနှင့် ပတ်သက်၍ ဖြစ်ပွားခဲ့သည့် ဆန္ဒပြပွဲများအတွင်း အကြမ်းဖက်မှုနှင့် ပစ္စည်းဥစ္စာဖျက်ဆီးမှုများ ကျူးလွန်ခဲ့သည့်အတွက် လူပေါင်း (၃၅) ဦးကို ဖမ်းဆီးထားကြောင်း အိန္ဒိယရဲတပ်ဖွဲ့က သောကြာနေ့တွင် ပြောကြားလိုက်သည်။ အဆိုပါဖြစ်စဉ်မှာ အနောက်ဘင်္ဂလားပြည်နယ်၊ ကိုလ်ကတ္တားမြို့မှ ကီလိုမီတာ (၃၀) ခန့်အကွာရှိ ဘာရူအီပူရ်မြို့တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ မိန်းကလေးငယ် ပျောက်ဆုံးသွားပြီးနောက် နောက်တစ်ရက်ဖြစ်သော တနင်္ဂနွေနေ့တွင် ရေကန်တစ်ခုအတွင်း၌ ၎င်း၏ ရုပ်အလောင်းကို တွေ့ရှိခဲ့ရသည်။ ထိုအချိန်မှစ၍ ဒေသခံများက လမ်းမများကို ပိတ်ဆို့ပြီး ယာဉ်များကို မီးရှို့ဖျက်ဆီးခြင်းများ လုပ်ဆောင်ခဲ့ကြသည်။ ဆန္ဒပြသူများသည် အပြစ်မဲ့ပြည်သူတစ်ဦးကိုလည်း လူအုပ်စုလိုက် ဝိုင်းဝန်းရိုက်နှက် သတ်ဖြတ်ခဲ့ကြောင်း ရဲတပ်ဖွဲ့က အတည်ပြုပြောကြားသည်။ “အကြမ်းဖက်မှုနဲ့ ဖျက်ဆီးမှုတွေအတွက် အခုအချိန်အထိ လူ (၃၅) ဦးကို ဖမ်းဆီးထားပါတယ်။ ဗီဒီယိုဖိုင်တွေကနေတစ်ဆင့် ကျူးလွန်သူတွေကို ဆက်လက်ဖော်ထုတ်နေပါတယ်” ဟု ပြည်နယ်ရဲအရာရှိ အာဗင် ကုမာ အာနန်က ရိုက်တာသို့ ပြောသည်။ ရဲတပ်ဖွဲ့သည် အဓမ္မကျင့် သတ်ဖြတ်မှုနှင့် ပတ်သက်၍ သံသယရှိသူ (၄) ဦးကို ဖမ်းဆီးထားရာတွင် တစ်ဦးဖြစ်သူ ပရာဘက် မွန်ဒါလ်မှာ ဗုဒ္ဓဟူးနေ့အစောပိုင်းက စစ်ဆေးရန် ခေါ်ဆောင်သွားစဉ် ထွက်ပြေးရန် ကြိုးစားသဖြင့် ရဲတပ်ဖွဲ့၏ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့သည်။ ထူးခြားသည်မှာ သံသယရှိသူ၏ မိခင်ကိုယ်တိုင်က “ငါ့သား ကျူးလွန်ခဲ့တဲ့ အပြစ်အတွက် သူအပြစ်ပေးခံရတာပါ” ဟု ပြောကြားကာ သားဖြစ်သူ၏ ရုပ်အလောင်းကို လက်ခံရန် ငြင်းဆန်ခဲ့ခြင်းဖြစ်သည်။ အနောက်ဘင်္ဂလားပြည်နယ် ဝန်ကြီးချုပ် ဆူဗန်ဒူ အဒ်ဟီကာရီ က အဓမ္မကျင့်မှုနှင့် အကြမ်းဖက်မှု ကျူးလွန်သူများ၊ အပြစ်မဲ့သူများကို ရိုက်နှက်သတ်ဖြတ်သူများအား ဥပဒေအတိုင်း အပြင်းထန်ဆုံး အရေးယူသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ဤဖြစ်စဉ်သည် အိန္ဒိယနိုင်ငံတွင် အမျိုးသမီးများနှင့် ကလေးငယ်များ၏ လုံခြုံရေးဆိုင်ရာ စိုးရိမ်ပူပန်မှုများကို ထပ်မံ၍ အလေးပေး ဖော်ပြနေသလို၊ ၂၀၂၄ ခုနှစ်က ကိုလ်ကတ္တားမြို့တွင် ဖြစ်ပွားခဲ့သည့် ဆရာဝန်မလေး အဓမ္မကျင့် သတ်ဖြတ်ခံရမှုကဲ့သို့သော အဖြစ်အပျက်မျိုး မထပ်ဖြစ်စေရန် ပြည်သူများက တောင်းဆိုလျက်ရှိသည်။ ကိုးကား-Reuters Post navigation ရုရှား၏ ဓာတ်ဆီထုတ်လုပ်မှုမှာ ယူကရိန်း၏ တိုက်ခိုက်မှုများကြောင့် လိုအပ်ချက်၏ ၆၅ ရာခိုင်နှုန်းသာ ဖြည့်ဆည်းနိုင်တော့ကြောင်း သတင်းရင်းမြစ်များက ဆို စပိန်နိုင်ငံတောင်ပိုင်းတွင် တောမီးလောင်ကျွမ်းမှုကြောင့် နိုင်ငံခြားသားများ အပါအဝင် အနည်းဆုံး ၁၂ ဦး သေဆုံး၊ ၂၃ ဦး ပျောက်ဆုံးနေ