PSM (News)

ဇူလိုင် ၁၁၊ ၂၀၂၆

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ဖြုတ်ချခံခဲ့ရသည့် ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာဆီနာသည် ၎င်း၏ပါတီကို တားမြစ်ပိတ်ပင်ထားပြီး ၎င်းကိုယ်တိုင်လည်း သေဒဏ်ပေးခံထားရသည့် နိုင်ငံသို့ ဒီဇင်ဘာလခန့်တွင် ပြန်လည်ဝင်ရောက်ကာ ပါတီဝင်များနှင့်အတူ တရားရုံးတွင် အဖမ်းခံရန် စီစဉ်နေကြောင်း ရိုက်တာသတင်းဌာနသို့ ပြောကြားလိုက်သည်။

အာရှနိုင်ငံများတွင် သက်တမ်းအရှည်ဆုံး ခေါင်းဆောင်တစ်ဦးဖြစ်ခဲ့သူ အသက် ၇၈ နှစ်အရွယ် ရှိတ်ဟာဆီနာက ၂ နှစ်ကြာ ခိုလှုံနေခဲ့ရသည့် အိန္ဒိယနိုင်ငံမှနေ၍ ၎င်းတို့အနေဖြင့် မိမိဆန္ဒအလျောက် နေရပ်ပြန်ကာ တရားရုံးတွင် ရင်ဆိုင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

၎င်း၏လုပ်ရပ်မှာ ဘင်္ဂလားဒေ့ရှ်အစိုးရအနေဖြင့် အထင်ရှားဆုံး နိုင်ငံရေးပြိုင်ဘက်ကို မည်ကဲ့သို့ ကိုင်တွယ်ဖြေရှင်းမည်ကို စမ်းသပ်ခြင်းတစ်ရပ်လည်း ဖြစ်လာနိုင်သည်။

“ကျွန်မ ပြန်ရောက်တာနဲ့ သူတို့ ကျွန်မကို ဖမ်းချင်ဖမ်းမယ်၊ ဒါမှမဟုတ် သတ်ပစ်လိုက်တာမျိုးတောင် ဖြစ်ကောင်းဖြစ်နိုင်တယ်” ဟု ရှိတ်ဟာဆီနာက ကြာသပတေးနေ့ညနှင့် သောကြာနေ့အထိ ကြာမြင့်ခဲ့သော တယ်လီဖုန်းအင်တာဗျူးတွင် ပြောကြားခဲ့သည်။

“ဒါပေမဲ့လည်း ကျွန်မ ပြန်ကိုသွားရမယ်။ ကျွန်မရဲ့ ပါတီခေါင်းဆောင်တွေနဲ့ ဝန်ထမ်းတွေဟာ အကြီးအကျယ် ဖိနှိပ်ခံနေရတယ်။ အကယ်၍ သေခြင်းတရားက ရောက်လာမယ်ဆိုရင်တောင် ကျွန်မရဲ့ မိဘတွေ မြှုပ်နှံထားတဲ့၊ သူတို့ရဲ့ သွေးတွေ မြေကျခဲ့တဲ့ ကျွန်မရဲ့ ကိုယ်ပိုင်မြေပေါ်မှာပဲ ဖြစ်စေချင်တယ်” ဟု ၎င်းက ဆိုသည်။

ရှိတ်ဟာဆီနာသည် ၂၀၂၄ ခုနှစ်က ကျောင်းသားဦးဆောင်သော ဆန္ဒပြမှုများကြောင့် ၎င်း၏ ၂၀ နှစ်ကြာ အာဏာသက်တမ်း အဆုံးသတ်သွားပြီးနောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ထွက်ခွာခဲ့ရသည်။ နိုဝင်ဘာလတွင် ဘင်္ဂလားဒေ့ရှ် စစ်ရာဇဝတ်မှုဆိုင်ရာ တရားရုံးက ရှိတ်ဟာဆီနာအား ဆန္ဒပြသူများကို အကြမ်းဖက်နှိမ်နင်းရန် အမိန့်ပေးခဲ့မှုအတွက် ပျက်ကွက်နေစဉ်အတွင်း သေဒဏ်အမိန့် ချမှတ်ခဲ့သည်။ ၎င်းကမူ ထိုစွဲချက်များကို ငြင်းဆိုထားသည်။

၎င်း၏ နေရပ်ပြန်လည်မှုသည် နိုင်ငံရေးအရ ကွဲပြားမှုများကို ပိုမိုပြင်းထန်စေနိုင်သလို၊ ၎င်းအား ခိုလှုံခွင့်ပေးခဲ့သည့် အိန္ဒိယနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်တို့အကြား တင်းမာနေသော ဆက်ဆံရေးကိုလည်း ရိုက်ခတ်မှုရှိနိုင်သည်။ ဘင်္ဂလားဒေ့ရှ်အစိုးရက ရှိတ်ဟာဆီနာကို လွှဲပြောင်းပေးရန် အိန္ဒိယအား အကြိမ်ကြိမ် တောင်းဆိုထားသည်။

ရှိတ်ဟာဆီနာသည် ၎င်း၏ အဝါမီလိဂ် (Awami League) ပါတီကို ပြန်လည်ဖွဲ့စည်းရန် ကြိုးပမ်းလျက်ရှိပြီး ဘင်္ဂလားဒေ့ရှ်၏ ပါလီမန်မဲဆန္ဒနယ်မြေ ၃၀၀ အနက် ၁၂၅ ခုအတွက် အွန်လိုင်းမှတစ်ဆင့် အစည်းအဝေးများ ပြုလုပ်နေကြောင်း သိရသည်။

“သူတို့က ကျွန်မကို ပြစ်ဒဏ်စီရင်ကောင်း စီရင်ထားလိမ့်မယ်၊ ကျွန်မလည်း ရွေးကောက်ပွဲ ဝင်ခွင့်မရှိတော့တာ ဖြစ်နိုင်တယ်။ ဒါပေမဲ့ အဝါမီလိဂ်ပါတီကို ဘာလို့ ပိတ်ပင်ရတာလဲ။ ကျွန်မတို့ အမှားလုပ်ခဲ့ရင်တောင် ပြည်သူတွေကိုပဲ ဆုံးဖြတ်ခွင့်ပေးပါ” ဟု ၎င်းက ပြောသည်။

အစိုးရအဖွဲ့များ လုပ်ဆောင်နေချိန်တွင် အမှားများ ဖြစ်ပေါ်နိုင်ကြောင်း၊ သို့သော် အစိုးရတစ်ရပ်၏ ကောင်းကျိုး၊ ဆိုးကျိုးကို ဝေဖန်ဆုံးဖြတ်ပိုင်ခွင့်မှာ ပြည်သူလူထုတွင်သာ ရှိကြောင်း ရှိတ်ဟာဆီနာက ထပ်လောင်းပြောကြားခဲ့သည်။

ကိုးကား-Reuters

By Htet Ko

Leave a Reply

Your email address will not be published. Required fields are marked *

You missed