PSM(News)

ဇွန် ၁၀၊ ၂၀၂၆

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်ရှိ ရေပြာရဲစခန်းနှင့် ကုက္ကိုစု ပျူစောထီးစခန်းတို့ကို ပြည်သူ့ကာကွယ် ရေးပူးပေါင်းတပ်ဖွဲ့များက “Operation Su ” (စု စစ်ဆင်ရေး) အဖြစ် တိုက်ခိုက်ခဲ့ရာ အောင်မြင်စွာ အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ကြောင်း မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (မြိုင် ပကဖ) က ယနေ့ ဇွန်လ ၁၀ ရက်နေ့တွင် ထုတ်ပြန်သည်။

မြိုင် ပကဖနှင့် ဒေသတွင်း မဟာမိတ်အင်အားစုများသည် ပြီးခဲ့သည့် ဇွန် ၂ ရက်နေ့ နံနက် ၄နာရီ ၃၀မိနစ်တွင် အဆိုပါ ရဲစခန်းနှင့် ပျူစောထီးစခန်းတို့ကို တပြိုင်တည်း ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တိုက်ပွဲအတွင်း စစ်အုပ်စုဘက်မှ လေကြောင်းပစ်ကူ အကြိမ်ရေ ၈၀ ထက်မနည်းအပြင်းအထန် ခုခံခဲ့သော်လည်းတော်လှန်ရေး မဟာမိတ်တပ်ဖွဲ့များက မဆုတ်မနစ် တိုက်ပွဲဝင်ခဲ့ကြသည်ဟု ဆိုသည်။

ထို့နောက် ဇွန်လ ၂ ရက်နေ့ နေ့လယ်ပိုင်းတွင် ရေပြာရဲစခန်းကိုလည်းကောင်း၊ ဇွန်လ ၄ ရက်နေ့ ညနေပိုင်းတွင် ကုက္ကိုစု ပျူစောထီးစခန်းကိုလည်းကောင်း အသီးသီး အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။

စု စစ်ဆင်ရေး စစ်ဆင်ရေးအတွင်း အာဏာလုစစ်အုပ်စုထံမှ လက်နက်ငယ် ၅၅ လက် လက်နက်ကြီး လေး လက်နှင့် အခြား လက်နက်ခဲယမ်းအများအပြား သိမ်းဆီးရရှိခဲ့သည်။

ထို့အပြင် စစ်အုပ်စုဘက်မှ စစ်သုံ့ပန်း ၅၀ ကျော်ကို ဖမ်းဆီးရမိခဲ့ပြီး၊ စစ်အုပ်စု၏ အတင်းအဓမ္မ လူသားတံတိုင်းအဖြစ် ခိုင်းစေခြင်းခံခဲ့ရသည့် အမျိုးသမီးနှင့် ကလေးသူငယ်များ အပါအဝင် ဒေသခံပြည်သူ ၂၀၀ ကျော်ကိုလည်း ဘေးကင်းစွာ ကယ်တင်နိုင်ခဲ့ကာ လတ်တလောတွင် ကောင်းမွန်စွာ စောင့်ရှောက်ထားရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စု စစ်ဆင်ရေး ကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန (MOD) ပကဖရုံးချုပ်နှင့် မကွေးဖက်ဒရယ်ယူနစ် ကာကွယ်ရေးဝန်ကြီးတို့၏ လမ်းညွှန်ပူးပေါင်းမှုဖြင့် မြိုင် ပကဖ၊ မကွေးပြည်သူ့ကာ ကွယ်ရေးတပ်မတော်၊ ပခုက္ကူခရိုင် ပကဖ၊ KG တပ်ဖွဲ့၊ ပေါက်ပကဖတပ်ရင်း၊ BLY တပ်ဖွဲ့၊ YRF တပ်ဖွဲ့၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် ပခုက္ကူခရိုင်အမှတ် (၂/၆/၇/၁ဝ/၁၂/၁၄/၁၇/၁၈) တပ်ရင်းများ၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)၊ မကွေးဖက်ဒရယ်ယူနစ်ကာကွယ်ရေးစစ်ကြောင်းများ၊ ပခုက္ကူပကဖ၊ ကမ္မတပ်ပေါင်းစု+ပြည်သူ့လုံခြုံရေးအင်အားစု(ကမ္မ)၊ PLC တပ်ပေါင်းစု၊ အညာမြေတပ်‌ပေါင်းစု၊ PDO/PDA တပ်၊ မကွေးတိုင်းလှုပ်ရှားစစ်ကြောင်း အမှတ် ၄၊ ပေါက်မြို့နယ် ဆေးတပ်ဖွဲ့၊ ပေါက်မြို့နယ် ပအဖ နှင့် တော်လှန်ပြည်သူများက လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

မြိုင် ပကဖ အနေဖြင့် စစ်ဆင်ရေးကာလအတွင်း ရဲဝံ့စွာ တိုက်ပွဲဝင်ခဲ့ကြသည့် ရဲဘော်များကို မှတ်တမ်းတင် ဂုဏ်ပြုထားပြီး တိုက်ပွဲအတွင်း ထိခိုက်ကျဆုံးခဲ့ရသည့် ရဲဘော်များနှင့် ပြည်သူများကို ဦးညွှတ်အလေးပြုကြောင်းနှင့် စစ်အာဏာရှင်စနစ် အလုံးစုံပျက်သုန်းရေးအတွက် ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ကတိသစ္စာပြုထားသည်။

လတ်တလော ဖြစ်ပေါ်နေသော စစ်ရေးအခြေအနေများကြောင့် ပခုက္ကူခရိုင်အတွင်းရှိ မိဘပြည်သူများအနေဖြင့် စစ်ရေးအသိ၊ စစ်ရေးသတိဖြင့် အထူးဂရုပြု နေထိုင်ကြပါရန် မြိုင် ပကဖ က တိုက်တွန်းနှိုးဆော်ထားသည်။

ဓာတ်ပုံ-မြိုင် ပကဖ

By Htet Ko

Leave a Reply

Your email address will not be published. Required fields are marked *

You missed