PSM (NEWS)

မေ ၁၁၊ ၂၀၂၆

အမေရိကန်နိုင်ငံ၊ မိုင်ယာမီမြို့အနီးတွင် စနေနေ့က စက်လှေတစ်စီး ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ လူ ၁၀ ဦးကျော် ဒဏ်ရာရရှိခဲ့ပြီး ဆေးရုံများသို့ ပို့ဆောင်ကုသပေးနေရကြောင်း မိုင်ယာမီ-ဒိတ် မီးသတ်နှင့် ကယ်ဆယ်ရေးအဖွဲ့ (Miami-Dade Fire Rescue) က ပြောကြားခဲ့သည်။

ဖလော်ရီဒါ ငါးနှင့် တောရိုင်းတိရစ္ဆာန် ထိန်းသိမ်းစောင့်ရှောက်ရေး ကော်မရှင်မှ ရရှိသော ကနဦးသတင်းများအရ အဆိုပါ အငှားလိုက်သည့် စက်လှေသည် ဟောလိုဗာ သဲသောင်အနီးရှိ ဘစ်စကိန်းပင်လယ်အော်အတွင်း ခရီးနှင်နေစဉ် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

မွန်းလွဲပိုင်းတွင် ကယ်ဆယ်ရေးအဖွဲ့ပေါင်း ၂၄ ဖွဲ့ထက်မနည်း ရောက်ရှိလာခဲ့ပြီး “ဆေးကုသမှု ခံယူရန် လိုအပ်နေသည့် လူနာအများအပြားကို တွေ့ရှိခဲ့ရကြောင်း” မိုင်ယာမီ-ဒိတ် မီးသတ်နှင့် ကယ်ဆယ်ရေးအဖွဲ့က ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ စုစုပေါင်း လူ ၁၁ ဦးကို ဆေးရုံများသို့ ပို့ဆောင်ပေးခဲ့ကြောင်းလည်း သိရသည်။

သက်ဆိုင်ရာ အဖွဲ့အစည်းများက ဒဏ်ရာရရှိသူများ၏ အခြေအနေနှင့် ပတ်သက်၍ အသေးစိတ် အချက်အလက်များကို ထုတ်ပြန်ခြင်း မရှိသေးပေ။

ယခုဖြစ်စဉ်နှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများ စတင်နေပြီဖြစ်ကြောင်း ပြည်နယ်ထိန်းသိမ်းစောင့်ရှောက်ရေး ကော်မရှင်က ပြောကြားခဲ့ပြီး အမေရိကန် ကမ်းခြေစောင့်တပ်ဖွဲ့ လည်း ကယ်ဆယ်ရေး လုပ်ငန်းများတွင်ပါဝင်ကူညီခဲ့သည်။

ကိုးကား-AP

By Htet Ko

You missed