PSM(News)

မတ် ၁၁၊ ၂၀၂၆

‎ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်အတွင်း၌ စစ်ကော်မရှင်တပ်က ဓားစာခံ အဖြစ် ဖမ်းဆီးထားသည့် အ‎ရပ်သား ၃၀၀ ကျော်ကို စစ်ဆင်ရေးတစ်ရပ်ပြုလုပ်ပြီး ကယ်ထုတ်နိုင်ခဲ့ကြောင်း တော်ဝင်‎ဒေါင်း တပ်ရင်းထံမှ သိရသည်။

ညောင်လေးပင်မြို့နယ်၊ ကျောင်းကုန်းကျေးရွာအတွင်း စစ်ကော်မရှင်က အတင်းအကျပ် ဖမ်းဆီး ထားသည့် ရေတွင်းကုန်း၊ ခရုကုန်းနှင့် ကျောင်းကုန်းရွာသား ၃၀၀ ကျော်ကို “ပြည်သူကိုကယ်ထုတ်သော စစ်ဆင်ရေး” အဖြစ် NUG ၏ ပဲခူးတိုင်းစစ်ဌာနလက်အောက်ခံ ပြည်သူကာကွယ်ရေးတပ်မတော် (PDF) တပ်ရင်းများနှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ (၃) ပူးပေါင်းတပ်ဖွဲ့များက စီးနင်းဝင်ရောက် ကယ်ထုတ်ခဲ့ခြင်း ဖြစ်သည်။

‎”ကျောင်းကုန်းရွာထဲမှ ဖမ်းထားတဲ့ အရပ်သားတွေကို ကယ်ထုတ်နိုင်ခဲ့တာဖြစ်ပါတယ်။ ရေတွင်းကုန်း စာသင်ကျောင်းထဲမှာ ကျန်နေခဲ့တာတွေ ရှိပါတယ် ” ဟု တော်ဝင်ဒေါင်းတပ်ရင်းမှ တာဝန်ရှိသူက PSM ကို ပြောသည်။

‎ကျောင်းကုန်းရွာရှိ အရပ်သားများကို ကယ်ထုတ်နိုင်ခဲ့သော်လည်း ရေတွင်းကုန်းရွာ စာသင်းကျောင်း ‎အတွင်း၌ စစ်အုပ်စုက ဓားစာခံ အဖြစ် ဖမ်းဆီး‎ထားသည့် အရပ်သား ၇၀ဦးခန့် ကျန် ရှိနေကြောင်း တော်ဝင်ဒေါင်းတပ်ရင်း ထံက သိရသည်။

အရပ်သားများ ဘေးကင်းစွာ လွတ်မြောက်စေရန် ကယ်ထုတ်သည့် စစ်ဆင်ရေးအတွင်း PDF တပ်ဖွဲ့ဝင် ကိုး ဦးနှင့် KNLA တပ်ဖွဲ့ဝင် နှစ် ဦး၊ စုစုပေါင်း တော်လှန်ရေးရဲဘော် ၁၁ ဦး ကျဆုံးခဲ့သည်။ ထို့အတူ စစ်ကော်မရှင်ဘက်မှလည်း တပ်ဖွဲ့ဝင် ၁၀ ဦးထက်မနည်း သေဆုံးပြီး ၂၀ ဦးခန့် ပြင်းထန်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

အင်အား ၁၀၀ ခန့်ရှိသည့် စစ်ကော်မရှင်စစ်ကြောင်းသည် ပြီးခဲ့သည့် မတ်လ ၅ ရက်နေ့ကစတင်၍ အဆိုပါ ကျေးရွာများကို စီးနင်းခဲ့ပြီး အရပ်သား ၄၀ ကျော်ကို သတ်ဖြတ်ခဲ့သည်။ လက်ရှိတွင်လည်း ကျေးရွာများအတွင်းသို့ လေကြောင်း၊ ဒရုန်းနှင့် လက်နက်ကြီးများဖြင့် အဆက်မပြတ် တိုက်ခိုက် နေသဖြင့် စစ်ရေးတင်းမာမှုများ မြင့်တက်ကာ တိုက်ပွဲများ နေ့စဉ်ဖြစ်ပွားလျက်ရှိသည်။

‎”စကစ(စစ်ကော်မရှင်) ဘက်ကတော့ နေ့ရောညရော ဒရုန်း၊ လေယာဉ်၊ လက်နက်ကြီး၊ ပါရာ မော်တာတွေပါ သုံးပြီး ကျေးရွာတွေထဲကို တိုက်ခိုက်မှုတွေ လုပ်နေဆဲပါ။ ထိတွေ့မှုတွေက ဒီနေ့အထိ နေ့တိုင်းဖြစ်နေတုန်းပါပဲ ” ဟု တော်ဝင်ဒေါင်းတပ်ရင်းက မြေပြင်အခြေအနေနှင့်ပတ်သက်၍ ‎ ရှင်းပြသည်။

‎လက်ရှိတွင် ကယ်ထုတ်နိုင်ခဲ့သည့် ပြည်သူ ၃၀၀ ကျော်ကို ပူးပေါင်းတပ်ဖွဲ့များက လွတ်မြောက်နယ်မြေ များသို့ ဘေးကင်းစွာ ပို့ဆောင်ပေးထားကြောင်း သိရသည်။

#စစ်ကော်မရှင်တပ်

#အရပ်သား၃၀၀ကျော်

#ကယ်ထုတ်

#PDF

#KNLA

#စစ်ဆင်ရေး

#PSM_News

By Htet Ko