PSM(NEWS) မတ် ၁၁ ၊ ၂၀၂၆ အီရန်နိုင်ငံတွင် ရေနံစက်ရုံများ တိုက်ခိုက်ခံရပြီးနောက် လေထုအတွင်း ပျံ့နှံ့နေသည့်အဆိပ်အတောက် ဖြစ်စေသော ဒြပ်ပေါင်းများနှင့် ‘Black Rain’တို့ကြောင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာများ ဖြစ်ပွားနိုင်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က အင်္ဂါနေ့တွင် သတိပေးလိုက်သည်။ အီရန်နိုင်ငံရှိ ရေနံချက်စက်ရုံများ တိုက်ခိုက်ခံရမှုနှင့် အတူ လေထုအတွင်းသို့ အဆိပ်သင့် ဟိုက်ဒရိုကာဗွန်များ၊ ဆာလ်ဖာအောက်ဆိုဒ်များနှင့် နိုက်ထရိုဂျင်ဒြပ်ပေါင်းများ အမြောက်အမြား ထွက်ပေါ်လာခဲ့သည်။ အဆိုပါ တိုက်ခိုက်မှုများ၏ ရလဒ်အဖြစ် အီရန်နိုင်ငံအတွင်း စွမ်းအင်အရင်းအမြစ်များ ထိခိုက်မှုများရှိနေပြီး တီဟီရန်မြို့တွင် မီးခိုးငွေ့များဖြင့် ဖုံးလွှမ်းနေခဲ့သည်။ အီရန်အာဏာပိုင်များ၏ ပြည်သူများအား အိမ်တွင်း၌သာ နေထိုင်ကြရန် အကြံပြုချက်ကို WHO ကထောက်ခံကြောင်းနှင့် ယခုကဲ့သို့ အခြေအနေမျိုးတွင် အဆိုပါ အကြံပြုချက်မှာ အလွန်သင့်လျော်ကြောင်း WHO ပြောရေးဆိုခွင့်ရှိသူ ခရစ်ရှန် လင်ဒ်မိုင်ယာက ဂျီနီဗာမြို့တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။ သိပ္ပံပညာရှင်များ၏ အဆိုအရ အဆိုပါ မီးခိုးငွေ့များ သို့မဟုတ် အမှုန်အမွှားများကို ရှူရှိုက်မိခြင်း သို့မဟုတ် ထိတွေ့မိခြင်းသည် ခေါင်းကိုက်ခြင်း၊ အရေပြားနှင့် မျက်လုံးယားယံခြင်းနှင့် အသက်ရှူရခက်ခဲခြင်းတို့ကို ဖြစ်စေနိုင်သည်။ ထို့အပြင် အဆိုပါဒြပ်ပေါင်းများနှင့် ရေရှည်ထိတွေ့မိပါက ကင်ဆာရောဂါအချို့ ဖြစ်ပွားနိုင်ခြေရှိကြောင်း သတိပေးထားသည်။ University of Readingမှ သုတေသနပညာရှင် အက်ရှ်ဆေး ဒီအိုရက်စ် က Black Rain သည် လေထုထဲရှိ အမှုန်အမွှားများနှင့် ရောနှောကျဆင်းလာခြင်း ဖြစ်သည်။ သို့သော် ရေရှည်တွင်အဆိပ်သင့် လေထုနှင့်ထိတွေ့ရခြင်းက ပိုမိုအန္တရာယ်များသည်။ ပြည်သူများအနေဖြင့် အိမ်တွင်း၌သာ နေထိုင်ခြင်း၊ အပြင်ထွက်ပါက မျက်နှာဖုံးတပ်ခြင်းနှင့်အရေပြားကို အုပ်ထားခြင်းဖြင့် ကာကွယ်နိုင်သည်”ဟု ပြောကြားခဲ့သည်။ လက်ရှိတွင် အဆိုပါဒေသ၏ လေထုအရည်အသွေးဆိုင်ရာ အချက်အလက်များ လိုအပ်နေဆဲဖြစ်သော်လည်း မိုးလေဝသခန့်မှန်းချက်များအရ ကျန်ရှိနေသည့်ရက်များတွင် မိုးရွာသွန်းမှုနည်းပါးပြီးအခြေအနေ ပိုကောင်းလာနိုင်ကြောင်း ၎င်းကသုံးသပ်သည်။ သို့သော် ရေနံစက်ရုံများ ထပ်မံ တိုက်ခိုက်ခံရပါက အန္တရာယ် ရှိနေဦးမည် ဖြစ်ကြောင်းလည်း သတိပေးထားသည်။ ကိုးကား Reuters #အီရန်နိုင်ငံ #BlackRain #ကျန်းမာရေးဆိုင်ရာ #အန္တရာယ်ရှိ #တိုက်ခိုက်ခံရ #ရေနံစက်ရုံ #PSM_News Post navigation စွမ်းအင်အကျပ်အတည်း ဆိုက်ရောက်နေပြီဟု ပူတင်ပြောကြား၊ ရုရှားအနေဖြင့် ဥရောပနှင့် လက်တွဲလုပ်ဆောင်ရန် အသင့်ရှိနေ အာရပ်စော်ဘွားများပြည်ထောင်စု (UAE) ၏ ရေနံလုပ်ငန်းကြီး ADNOC သည် ဒရုန်းတိုက်ခိုက်မှုကြောင့် ရုဝိုင်းစ် ရေနံချက်စက်ရုံကို ပိတ်သိမ်းခဲ့ရ