PSM(NEWS) မတ် ၁၀၊ ၂၀၂၆ အီရန်နိုင်ငံအပေါ် အမေရိကန်-အစ္စရေးတို့၏ စစ်ပွဲကြောင့် ကမ္ဘာလုံးဆိုင်ရာ စွမ်းအင် အကျပ်အတည်း တစ်ရပ် ဖြစ်ပွားစေခဲ့ကြောင်းနှင့် ဟော်မုဇ်ရေလက်ကြား မှတစ်ဆင့် သယ်ယူပို့ဆောင်နေရသည့် ရေနံထုတ်လုပ်မှုများ မကြာမီ ရပ်တန့်သွားနိုင်ကြောင်း ရုရှားသမ္မတ ဗလာဒီမာ ပူတင်က တနင်္လာနေ့တွင် သတိပေး ပြောကြားလိုက်သည်။ ကမ္ဘာ့ဒုတိယအကြီးဆုံး ရေနံတင်ပို့သူနှင့် သဘာဝဓာတ်ငွေ့ အများဆုံးပိုင်ဆိုင်ထားသည့် ရုရှားနိုင်ငံအနေဖြင့် ဥရောပဖောက်သည်များက ရေရှည်ပူးပေါင်းဆောင်ရွက်လိုပါက ၎င်းတို့နှင့် ပြန်လည်လက်တွဲရန် အသင့်ရှိကြောင်း ပူတင်က ဆိုသည်။ သို့သော်လည်း အနောက်နိုင်ငံများသည် ယူကရိန်းစစ်ပွဲနှင့် EU၊ G7 တို့၏ ပိတ်ဆို့အရေးယူမှုများကြောင့် လွန်ခဲ့သည့် ၄ နှစ်အတွင်း ရုရှား၏ ရေနံနှင့် ဓာတ်ငွေ့အပေါ် မှီခိုနေရမှုကို သိသိသာသာ လျှော့ချခဲ့ပြီးဖြစ်သည်။ ဥရောပစျေးကွက်ကို ဆုံးရှုံးလိုက်ရခြင်းကြောင့် ရုရှားသည် ဝင်ငွေအကောင်းဆုံး ဖောက်သည်များကို ဆုံးရှုံးခဲ့ရပြီး ရေနံနှင့် ဓာတ်ငွေ့များကို အာရှနိုင်ငံများသို့ စျေးနှုန်းအများအပြား လျှော့ချရောင်းချခဲ့ရသည်။ အစိုးရ တာဝန်ရှိသူများ၊ ထိပ်တန်းရေနံနှင့် ဓာတ်ငွေ့ထုတ်လုပ်ရေး ကုမ္ပဏီအကြီးအကဲများနှင့် ပြုလုပ်သော ရုပ်သံအစည်းအဝေးတွင် ပူတင်က ပြောကြားရာ၌ – အရှေ့အလယ်ပိုင်းဒေသ မတည်ငြိမ်မှုများက ကမ္ဘာ့စီးပွားရေးအပေါ် ပြင်းထန်သော သက်ရောက်မှုများရှိသည့် စွမ်းအင်အကျပ်အတည်းဆီသို့ ဦးတည်သွားနိုင်ကြောင်း ရုရှားက အကြိမ်ကြိမ် သတိပေးခဲ့ပြီး ဖြစ်ကြောင်းနှင့် ယခုအခါ ထိုအခြေအနေများ တကယ်ဖြစ်လာပြီဖြစ်ကြောင်း ပြောဆိုခဲ့သည်။ ကမ္ဘာလုံးဆိုင်ရာ ရေနံနှင့် သဘာဝဓာတ်ငွေ့ရည် (LNG) စီးဆင်းမှု၏ ၅ ပုံ ၁ ပုံခန့် ရှိသည့် ဟော်မုဇ်ရေလက်ကြားသည် အီရန်စစ်ပွဲကြောင့် ထိရောက်စွာ ပိတ်ဆို့ခံထားရသဖြင့် တနင်္လာနေ့တွင် ရေနံစျေးနှုန်းမှာ ၂၀၂၂ ခုနှစ်နောက်ပိုင်း မကြုံစဖူး စံချိန်တင်စျေးနှုန်းအဖြစ် တစ်စည်လျှင် ဒေါ်လာ ၁၀၀ ကျော်အထိ မြင့်တက်သွားခဲ့သည်။ “ဟော်မုဇ်ရေလက်ကြားအပေါ် မှီခိုနေရတဲ့ ရေနံထုတ်လုပ်မှုတွေဟာ နောက်လထဲမှာ လုံးဝရပ်တန့်သွားမယ့် အန္တရာယ်ရှိနေပါတယ်။ အခုတောင် ထုတ်လုပ်မှုတွေ စတင်ကျဆင်းနေပြီဖြစ်သလို ဒေသတွင်း သိုလှောင်ရုံတွေမှာလည်း သယ်ယူပို့ဆောင်လို့မရတဲ့ ရေနံတွေ ပြည့်လျှံနေပါပြီ” ဟု ပူတင်က ဆိုသည်။ လက်ရှိ အရှေ့အလယ်ပိုင်း အခြေအနေကို ရုရှားကုမ္ပဏီများက အခွင့်ကောင်းယူသင့်ကြောင်းနှင့် ယခုကဲ့သို့ စျေးနှုန်းအဆမတန် မြင့်တက်ခြင်းမှာ ယာယီသာ ဖြစ်နိုင်ကြောင်းလည်း ၎င်းက မှတ်ချက်ပြုခဲ့သည်။ ကိုးကား Reuters #ရုရှား_ဥရောပ_လက်တွဲ #ပူတင် #စွမ်းအင်အကျပ်အတည်း #စျေးနှုန်းအဆမတန်မြင့်တက် #ယာယီ #ဟော်မုဇ်ရေလက်ကြား #PSM_News Post navigation အာရှဒေသတွင်း ငြိမ်းချမ်းရေးအတွက် တရုတ်နိုင်ငံသည် အဓိက အခန်းကဏ္ဍမှ ပါဝင်နေဟု ဝမ်ယိ ပြောကြား အီရန်နိုင်ငံတွင် ဖြစ်ပွားနေသည့် ‘Black Rain’ကြောင့် ကျန်းမာရေးဆိုင်ရာ အန္တရာယ်များရှိကြောင်း WHO သတိပေး