PSM(NEWS)

မတ် ၁၁၊ ၂၀၂၆

အာရပ်စော်ဘွားများပြည်ထောင်စု (UAE) ၏ နိုင်ငံပိုင် ရေနံလုပ်ငန်းကြီးဖြစ်သော Abu Dhabi National Oil Company (ADNOC) သည် ဒရုန်းတိုက်ခိုက်မှု တစ်ခုကြောင့် စက်ရုံဝင်းအတွင်း မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ပြီးနောက် ရုဝိုင်းစ်ရေနံချက်စက်ရုံကို ပိတ်သိမ်းလိုက်ရကြောင်း သတင်းရင်းမြစ်တစ်ခုက အင်္ဂါနေ့တွင် ပြောကြားသည်။

ဤဖြစ်စဉ်သည် အမေရိကန်အစ္စရေးနှင့် အီရန်တို့ကြား ဖြစ်ပွားနေသော စစ်ပွဲကြောင့် စွမ်းအင်ဆိုင်ရာ အခြေခံအဆောက်အအုံများ ထိခိုက်မှုရှိလာသည့် နောက်ဆုံးဖြစ်ရပ်ဖြစ်သည်။

အဆိုပါ စက်ရုံဝင်းသည် တစ်နေ့လျှင် ရေနံစိမ်းစည်ပေါင်း ၉၂၂,၀၀၀ အထိ သန့်စင်နိုင်သည့် ADNOC ၏ ဓာတ်အားပေးစက်ရုံများ တည်ရှိရာနေရာ ဖြစ်သည်။

ထို့အပြင် ဓာတုဗေဒ၊ မြေသြဇာနှင့် စက်မှုဓာတ်ငွေ့စက်ရုံများ အပါအဝင် အဓိကကျသော လုပ်ငန်းစဉ်များ၏ ဗဟိုချက်လည်းဖြစ်သည်။

အဘူဒါဘီအစိုးရ မီဒီယာရုံး၏ ထုတ်ပြန်ချက်အရ ဒရုန်းတိုက်ခိုက်မှုကြောင့် မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့သည့်နေရာကို တာဝန်ရှိသူများက ကိုင်တွယ်ဖြေရှင်းနေပြီး ထိခိုက်ဒဏ်ရာရရှိသူ မရှိကြောင်း သိရသည်။

သို့သော်လည်း မီးလောင်ကျွမ်းသည့် နေရာကို အတိအကျ ဖော်ပြထားခြင်း မရှိပေ။

အမေရိကန်-အစ္စရေးတို့၏ တိုက်ခိုက်မှုများကို တုံ့ပြန်သည့် အနေဖြင့် အီရန်နိုင်ငံက ၎င်း၏ အိမ်နီးချင်းနိုင်ငံ အချို့ကို တိုက်ခိုက်ခဲ့ပြီးနောက်ပိုင်း ယခုတိုက်ခိုက်မှုသည် နောက်ဆုံးပေါ်ဖြစ်လာသည်။

အဆိုပါ တိုက်ခိုက်မှုများကြောင့် ကမ္ဘာ့ရေနံစီးဆင်းမှု၏ ၅ ပုံ ၁ ပုံခန့်ရှိသော ဟော်မုဇ်ရေလက်ကြားတွင် သင်္ဘောသွားလာမှုများ ရပ်တန့်လုနီးပါး ဖြစ်နေပြီး နိုင်ငံအချို့မှာလည်း ရေနံထုတ်လုပ်မှုကို လျှော့ချခဲ့ရသည်။

စက်ရုံကို ကြိုတင်ကာကွယ်မှုအဖြစ် ပိတ်သိမ်းလိုက်ခြင်းဖြစ်ပြီး ကျန်ရှိနေသည့် စက်ရုံဝင်းအတွင်းမှ လုပ်ငန်းဆောင်တာများမှာ ပုံမှန်အတိုင်း ဆက်လက်လည်ပတ်နေကြောင်း သတင်းရင်းမြစ်က ပြောကြားသည်။

စက်မှုလုပ်ငန်း စောင့်ကြည့်လေ့လာရေးအဖွဲ့ IIR Energy ၏ အဆိုအရ ADNOC သည် အင်္ဂါနေ့ကဒရုန်းတိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် တစ်နေ့လျှင် စည်ပေါင်း ၄၁၇,၀၀၀ သန့်စင်နိုင်သော ရုဝိုင်းစ်ရေနံချက်စက်ရုံ (၂) ရှိ ရေနံချက်ယူနစ်ကို ပိတ်သိမ်းခဲ့ရပြီး စက်ရုံတစ်ခုလုံး ဘေးကင်းလုံခြုံရေးအတွက် ပိတ်သိမ်းရန် စီစဉ်နေကြောင်း သိရသည်။

ထို့အပြင် ADNOC သည် ဒေသတွင်း ပဋိပက္ခများကြောင့် မတ်လ ၆ ရက်နေ့ ကတည်းက ရုဝိုင်းစ် ရေနံချက်စက်ရုံ(၁)ရှိ လုပ်ငန်းယူနစ် အချို့ကို ၁၀ ရာခိုင်နှုန်းမှ ၂၀ ရာခိုင်နှုန်းအထိ လျှော့ချ လည်ပတ်ခဲ့ကြောင်း IIR က ဖော်ပြသည်။

အခြားတစ်ဖက်တွင်လည်း ဆော်ဒီအာရေဗျနိုင်ငံတွင် ပြီးခဲ့သည့် အပတ်က ရပ်စ်တနူရာ ရေနံချက်စက်ရုံ၌ ဖြစ်ပွားခဲ့သော မီးလောင်ကျွမ်းမှုကို ထိန်းချုပ်နိုင်ခဲ့ပြီး စက်ရုံကို ပြန်လည်လည်ပတ်ရန် လုပ်ဆောင်နေကြောင်း Saudi Aramco ၏ အမှုဆောင်အရာရှိချုပ် အမင်းနဆာက ပြောကြားခဲ့သည်။

ဘရိန်းနိုင်ငံရှိ Bapco Energies သည်လည်း ၎င်း၏ ရေနံချက်စက်ရုံဝင်းကို တိုက်ခိုက်ခံရပြီးနောက် လုပ်ငန်းလည်ပတ်မှုများ ရပ်ဆိုင်းကြောင်း ကြေညာခဲ့သည်။

ကူဝိတ်နိုင်ငံကလည်း ရေနံထုတ်လုပ်မှုကို စတင်လျှော့ချခဲ့ပြီး ကာတာနိုင်ငံမှာလည်း ကမ္ဘာ့တင်ပို့မှု၏ ၂၀ ရာခိုင်နှုန်းခန့်ရှိသည့် သဘာဝဓာတ်ငွေ့ရည် (LNG) ထုတ်လုပ်မှုကို ရပ်ဆိုင်းထားကြောင်း သိရသည်။

ကိုးကား Reuters

#uae

#ရေနံချက်စက်ရုံ_ပိတ်သိမ်း

#ဒရုန်းတိုက်ခိုက်မှု

#ရေနံထုတ်လုပ်မှု

#သဘာဝဓာတ်ငွေ့ရည်

#ရပ်ဆိုင်းထား

#PSM_News

By Htet Ko