PSM(NEWS)

ဖေဖော်ဝါရီ ၁၁၊၂၀၂၆ 

မြောက်အတ္တလန္တိတ် စာချုပ်အဖွဲ့ (NATO) ၏ အာတိတ်စောင့်ကြည့်ရေး မစ်ရှင်တွင်ဗြိတိန်လက်နက်ကိုင်တပ်ဖွဲ့များကအရေးပါသောအခန်းကဏ္ဍမှပါဝင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းဗြိတိန်ကာကွယ်ရေးဝန်ကြီးဂျွန်ဟီးလေး က ဗုဒ္ဓဟူးနေ့ နော်ဝေးနိုင်ငံခရီးစဉ်အတွင်းပြောကြားမည်ဖြစ်သည်။ထို့ပြင်နော်ဝေးနိုင်ငံရှိဗြိတိန်တပ်ဖွဲ့ဝင်အရေအတွက်ကိုလာမည့်သုံးနှစ်အတွင်း  ၂,၀၀၀ အထိ နှစ်ဆတိုးမြှင့်သွားမည်ဟုလည်းကတိပြုမည်ဖြစ်သည်။

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကNATOအဖွဲ့ဝင် ဒိန်းမတ်နိုင်ငံ၏ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရနယ်မြေဖြစ်သော ဂရင်းလန်းကျွန်းကို ဝယ်ယူလိုကြောင်းထပ်ခါတလဲလဲပြောဆိုခဲ့ပြီးနောက်၊ဂရင်းလန်းအပါအဝင် အာတိတ်ဒေသ၏လုံခြုံရေးကိုမြှင့်တင်ရန်ရည်ရွယ်၍ ယခုမစ်ရှင်ကို ဖော်ဆောင်ခြင်းဖြစ်သည်။

“ကာကွယ်ရေးကဏ္ဍမှာ လိုအပ်ချက်တွေ မြင့်တက်လာနေပါတယ်။ ရုရှားဟာအာတိတ်ဒေသနဲ့ မြောက်ဘက်စွန်းဒေသ လုံခြုံရေးအတွက်စစ်အေးတိုက်ပွဲနောက်ပိုင်း အကြီးမားဆုံးခြိမ်းခြောက်မှုဖြစ်လာနေပါတယ်” ဟု ဝန်ကြီး ဂျွန်ဟီးလေး  ကအစိုးရ၏ထုတ်ပြန်ချက်တွင်ပြောကြားခဲ့သည်။ 

“ရုရှားသမ္မတ ပူတင် ဟာ စစ်အေးတိုက်ပွဲတုန်းက အခြေစိုက်စခန်းဟောင်းတွေကိုပြန်ဖွင့်တာအပါအဝင်ဒီဒေသမှာစစ်ရေးအင်အားကို လျင်လျင်မြန်မြန် ပြန်လည်တည်ဆောက်နေတာကို ကျွန်တော်တို့ တွေ့မြင်နေရပါတယ်” ဟု၎င်းကဆက်လက်ပြောဆိုသည်။

ဥရောပမဟာမိတ်များသည် ရုရှားနှင့် တရုတ်တို့၏ ဘေးအန္တရာယ်မှဂရင်းလန်းကျွန်းကို ကောင်းမွန်စွာ မကာကွယ်နိုင်ဟုဒေါ်နယ်ထရမ့်၏စွပ်စွဲချက်များကြောင့် အမေရိကန်နှင့် နေတိုးအဖွဲ့အကြားဆက်ဆံရေး တင်းမာမှုများ ရှိနေစဉ်အတွင်းယခုတွေ့ဆုံမှုပေါ်ပေါက်လာခြင်းဖြစ်သည်။ 

ဗြိတိန်အစိုးရအနေဖြင့်လည်း ဥရောပတိုက် လုံခြုံရေးအတွက် ပိုမိုလုပ်ဆောင်ရန် ထရမ့်၏ ဖိအားပေးမှုကြောင့် စစ်အေးတိုက်ပွဲပြီးနောက်ပိုင်း အကြီးမားဆုံးသော ကာကွယ်ရေးအသုံးစရိတ် တိုးမြှင့်မှုကို လုပ်ဆောင်ရန် ကတိပြုထားသည်။

ကိုးကား Reuters

By Htet Ko