PSM(NEWS)

ဖေဖော်ဝါရီ ၁၁၊ ၂၀၂၆

ကာရစ်ဘီယံကျွန်းနိုင်ငံဖြစ်သော ကျူးဘားနိုင်ငံတွင် လေယာဉ်ဆီ ပြတ်လပ်မှု အကျပ်အတည်းကြောင့် နိုင်ငံတကာ လေကြောင်းလိုင်းများ ခရီးစဉ်ရပ်နားထားရသည့် အခြေအနေတွင် တရုတ်နိုင်ငံအနေဖြင့် မိမိတို့ တတ်နိုင်သမျှ အစွမ်းကုန် ကူညီထောက်ပံ့မှုများ ပေးအပ်သွားရန် အသင့်ရှိကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနက အင်္ဂါနေ့တွင် ပြောကြားလိုက်သည်။

ကျူးဘား၏ ရေရှည်မဟာမိတ်ဖြစ်သော ဗင်နီဇွဲလားနိုင်ငံမှ ရေနံတင်ပို့မှုများကို အမေရိကန်ပြည်ထောင်စုက ပိတ်ဆို့မှုများ ပြုလုပ်ခဲ့ပြီးနောက် ကျူးဘားနိုင်ငံတွင် လောင်စာဆီပြဿနာ ပိုမိုဆိုးရွားလာခဲ့ခြင်း ဖြစ်သည်။ ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှ မတ်လ ၁၁ ရက်နေ့အထိ လေယာဉ်ဆီ ရရှိနိုင်မည်မဟုတ်ကြောင်း ကျူးဘားအစိုးရက နိုင်ငံတကာ လေကြောင်းလိုင်းများသို့ သတိပေးချက် ထုတ်ပြန်ထားသည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူ လင်းကျန့် က ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် ပြောကြားရာ၌ တရုတ်နိုင်ငံသည် ကျူးဘား၏ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးကို ခိုင်မာစွာ ထောက်ခံကြောင်းနှင့် ပြင်ပအင်အားစုများ၏ စွက်ဖက်မှုကို ဆန့်ကျင်ကြောင်း ထည့်သွင်းပြောဆိုခဲ့သည်။ ကျူးဘား၏ လောင်စာဆီ ပြတ်လပ်မှုကို ဖြေရှင်းပေးရန် တရုတ်နိုင်ငံအနေဖြင့် လက်တွေ့ကျသော အကူအညီများ ပေးအပ်မည်လားဟု မေးမြန်းရာတွင် မိမိတို့ တတ်နိုင်သည့်ဘက်မှ ဆက်လက်ကူညီသွားမည်ဟု ၎င်းက ဖြေကြားခဲ့သည်။

“တရုတ်နဲ့ ကျူးဘားဟာ မိတ်ဆွေကောင်းတွေ၊ ရဲဘော်ကောင်းတွေနဲ့ ညီအစ်ကိုကောင်းတွေ ဖြစ်ကြပါတယ်” ဟု လင်းကျန့်က ဆိုသည်။ “လက်ရှိ ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို ကျော်လွှားနိုင်ဖို့ ကျူးဘားနိုင်ငံကို ကျွန်တော်တို့ တတ်နိုင်သမျှ အစွမ်းကုန် ဆက်လက် ကူညီပံ့ပိုးပေးသွားမှာပါ” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

ထို့အပြင် လေကြောင်းခရီးစဉ်များ ရပ်နားထားရမှုကြောင့် ကျူးဘားနိုင်ငံတွင် တရုတ်နိုင်ငံသားများ သောင်တင်နေသည့် သတင်းမျိုး ယခုအချိန်အထိ မရရှိသေးကြောင်းလည်း ပြောရေးဆိုခွင့်ရှိသူက ဖြည့်စွက်ပြောဆိုခဲ့သည်။

ကိုးကား Reuters

By Htet Ko