PSM(News)

စက်တင်ဘာ ၁၀ ၊ ၂၀၂၆

မန္တလေးတိုင်းအတွင်းရှိ အာဏာလု စစ်အုပ်စု၏ တံတားဦး လေတပ်စခန်းကို တော်လှန်ရေးတပ်ဖွဲ့များက အသေခံဒရုန်း (FPV Suicide Drone) များဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့ရာ တိုက်ခိုက်ရေး လေယာဉ် နှစ် စီးထိခိုက်ပျက်စီးသွားကြောင်း စစ်ရေးရင်းမြစ်က PSM ို့အတည်ပြုပြောကြားသည်။

စစ်အုပ်စု၏ တံတားဦးလေတပ်စခန်းကို ယနေ့ စက်တင်ဘာလ ၁၀ ရက်နေ့ မွန်းလွဲ ၂ နာရီကျော်ခန့်က FPV အသေခံဒရုန်းများဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး လေတပ်စခန်းအတွင်း ဒရုန်းများ ကျရောက်ပေါက်ကွဲကာ လေယာဉ်များ ထိမှန်ခဲ့ခြင်းဖြစ်သည်။

“ဟုတ်တယ်။ ဒရုန်း ၁၀ စီးနဲ့ တိုက်တာ သုံးစီး ကွဲတယ်။ လေယာဉ် နှစ်စီး ထိတယ်။ သေဆုံးမှုနဲ့ ထိခိုက်ဒဏ်ရာရမှုအခြေအနေ အသေးစိတ်ကိုတော့ မသိရသေးဘူး” ဟု PDF စစ်ရေးအရင်းအမြစ်က PSM ကို ပြောသည်။

အလားတူ တော်လှန်ရေး သတင်းရင်းမြစ်များ၏ အဆိုအရ အဆိုပါ တိုက်ခိုက်မှုကို FPV ဒရုန်းများ အသုံးပြုကာ စစ်အုပ်စု၏ လေတပ်စခန်းအတွင်းသို့ ပစ်မှတ်ထား တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တိုက်ခိုက်မှု မှတ်တမ်းများတွင်လည်း စစ်အုပ်စု၏ တိုက်ခိုက်ရေး လေယာဉ်တစ်စီးအား တိုက်ရိုက် ထိမှန်သွားသည်ကို တွေ့ရှိရကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုနှင့် ပတ်သက်၍ မန္တလေး ပြည်သူ့ကာကွယ်ရေးတပ်မတော် (MDY-PDF) အပါအဝင် တော်လှန်ရေး တပ်ဖွဲ့များဘက်မှ ယခု သတင်းရေးသားချိန်အထိ တရားဝင် အသေးစိတ် ထုတ်ပြန်ခြင်း မရှိသေးပေ။

အာဏာလု စစ်အုပ်စုဘက်ကမူ တံတားဦးလေဆိပ်ကို FPV suicide drone များနှင့် တိုက်ခိုက်ခံရကြောင်း ဝန်ခံထားသော်လည်း အဆိုပါ တိုက်ခိုက်မှုကို ဟန့်တားကာကွယ်နိုင်ခဲ့သည်ဟု လိမ်လည် သတင်းထုတ်ပြန်ထား သည်။

တံတားဦး လေတပ်စခန်း တိုက်ခိုက်ခံရပြီးနောက်တွင် စစ်အုပ်စုသည် တံတားဦးမြို့နယ်နှင့် နွားထိုးကြီးမြို့နယ် အစပ်ရှိ နွားခြံကြီးကုန်းကျေးရွာဘက်သို့ စစ်ကြောင်းထိုး ဝင်ရောက်လာသောကြောင့် တော်လှန်ရေး တပ်ဖွဲ့များနှင့် တိုက်ပွဲများ စတင်ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။

By Htet Ko

Leave a Reply

Your email address will not be published. Required fields are marked *