PSM (News) စက်တင်ဘာ ၁၀၊ ၂၀၂၆ ကချင်ပြည်နယ်၊ ရွှေကူမြို့မှ ဗန်းမော်မြို့သို့ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာသည့် အာဏာလု စစ်အုပ်စု၏ ရေယာဉ်အုပ်စုကို စင်ခန်းတံတားအနီး ကြားဖြတ်တိုက်ခိုက်မှုအတွင်း ဗိုလ်ကြီး နှစ် ဦးနှင့် ပြည်သူ့စစ်များ အပါအဝင် လက်နက်ကိုင်အင်အား ၁၁၈ ဦး၊ တပ်မိသားစုဝင်များနှင့် အရပ်သား စုစုပေါင်း စစ်သုံ့ပန်း ၁၅၁ ဦးကို ဖမ်းဆီးရမိထားပြီး နိုင်ငံတကာ စစ်သုံ့ပန်း ဥပဒေနှင့်အညီ ထိန်းသိမ်းစောင့်ရှောက်ထားကြောင်း KIA ၏ Laza TV က ထုတ်ပြန်ထားသည်။ ပြီးခဲ့သည့် စက်တင်ဘာ ၂ ရက်နေ့ကဖြစ်ပွားခဲ့သည့် စင်းခန်းတံတားအနီး ကြားဖြတ်တိုက်ခိုက်မှုအတွင်း အလံဖြူထောင် အလင်းဝင်ရောက်လာသူများနှင့် ဖမ်းဆီးရမိသူများအနက် အာဏာလု စစ်အုပ်စု လက်နက်ကိုင်အင်အား ၁၁၈ ဦး ပါဝင်သည်။ အဆိုပါ စစ်သုံ့ပန်းများတွင် စစ်တပ်၏ ဗိုလ်ကြီး ၂ ဦး၊ အရာခံဗိုလ် ၅ ဦး၊ တပ်ကြပ်ကြီး ၁၄ ဦး၊ တပ်ကြပ် ၁၂ ဦး၊ ဒုတပ်ကြပ် ၁၆ ဦးနှင့် တပ်သား ၃၅ ဦး စုစုပေါင်း စစ်သည် ၈၄ ဦး ပါဝင်ကြောင်း သိရသည်။ ထို့ပြင် အာဏာလု စစ်အုပ်စု၏ အဓမ္မ စစ်မှုထမ်းဥပဒေဖြင့် စုဆောင်းခံထားရသည့် ပြည်သူ့စစ် (ပစ) ၃၄ ဦး ပါဝင်ပြီး ၎င်းတို့မှာ အသက် ၁၆ နှစ်မှ အသက် ၃၀ အရွယ်ကြား လူငယ်များ ဖြစ်ပြီး အသက်မပြည့်သူ လေး ဦးပါဝင်ကြောင်း သိရသည်။ အဆိုပါ ဖမ်းဆီးရမိသူများတွင် စစ်အုပ်စု လက်အောက်ခံ အမျိုးသမီးရဲမေ တာဝန်ထမ်းဆောင်သည့် အိမ် ထောင်သည် တပ်မိသားစုဝင် အမျိုးသမီး ၁၇ ဦးနှင့် အသက် ၄ လမှ ၄ နှစ်အရွယ်အထိ ကလေးသူငယ်များလည်း ပါဝင်သည်။ ထို့အပြင် စစ်သင်္ဘောအုပ်စုတွင် သင်္ဘောကြုံ လိုက်ပါလာသည့် အရပ်သား ၈ ဦးကိုလည်း ထိန်းသိမ်းထားကြောင်း KIA က ဖော်ပြထားသည်။ လက်ရှိတွင် ဖမ်းဆီးရမိသည့် စစ်သုံ့ပန်းနှင့် တပ်မိသားစုဝင် စုစုပေါင်း ၁၅၁ ဦးကို သီးသန့်နေရာသို့ ရွှေ့ပြောင်းပေးထားပြီး နိုင်ငံတကာ စစ်သုံ့ပန်း ဥပဒေနှင့်အညီ ပြုစုစောင့်ရှောက်ထားပြီး လူမှုကွန်ရက်တွင် ပျံ့နှံ့နေသည့် အသက်အရွယ်ကြီးမြင့်သူ စစ်သုံ့ပန်းမှာ ဒုအရာခံဗိုလ် ဖြစ်ကြောင်း စစ်ရေးသတင်းရင်းမြစ်များက ဆိုသည်။ အဆိုပါ စင်ခန်းတံတား တိုက်ပွဲအတွင်း အာဏာလု စစ်အုပ်စု၏ သင်္ဘောအချို့ ဧရာဝတီမြစ်ကြောင်းအတွင်း နစ်မြုပ်ခဲ့ပြီး သင်္ဘောပေါ်ပါသူ အချို့မှာ ရေထဲ နစ်မြုပ်သေဆုံးကာ အချို့ လွတ်မြောက်သွားခဲ့ကြောင်း သိရသည်။ လက်ရှိတွင် အာဏာလု စစ်အုပ်စုသည် ဇင်းဘုံ၊ စင်ခန်း၊ ဗန်းမော် နယ်တစ်ဝိုက်နှင့် ဧရာဝတီမြစ်ရိုးတစ် လျှောက်သို့ နေ့စဉ်ရက်ဆက် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်နေသည့်အတွက် မြေပြင်တိုက်ပွဲများ ဆက်လက် ပြင်းထန်လျက်ရှိကြောင်း သိရသည်။ ဓာတ်ပုံ-Laiza TV Post navigation တပ်ခွဲမှူးရဲဘော်ငတေပြည်သူ့တော်လှန်ရေးသူရဲကောင်းဘွဲ့ရရှိမှုအပေါ်မြန်မာမွတ်စ်လင်မ်တော်လှန်ရေးအင်အားစုမှ ဂုဏ်ယူကြောင်းထုတ်ပြန် Rangoon Warriors PDF မှ ကျဆုံးရဲဘော် ၃ ဦး ပြည်သူ့ဇာနည်ဆု ချီးမြှင့်ခံရ