PSM(News) စက်တင်ဘာ ၁၀၊ ၂၀၂၆ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ပြည်သူ့ခုခံတွန်းလှန်စစ် ငါးနှစ် မြောက် အထိမ်းအမှတ်အဖြစ် ချီးမြှင့်သည့် စစ်ဘက်ဆိုင်ရာ သူရဲကောင်းဘွဲ့များတွင် တပ်ခွဲမှူး ရဲဘော် ငတေ (ခ) မိုဟမ္မဒ်နို့အ်မာန်အား “ပြည်သူ့တော်လှန် ရေး သူရဲကောင်းဘွဲ့” ဖြင့် အသိအမှတ်ပြု ဂုဏ်ပြုခံရခြင်းအပေါ် မြန်မာမွတ်စ်လင်မ် တော်လှန်ရေးအင်အားစု (MMRF) နှင့် အဘာဘီးလ် ရဲဘော်များက ဂုဏ်ယူအားတက်ရကြောင်း စက်တင်ဘာ ၈ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။ ရဲဘော် ငတေသည် စက်တင်ဘာ ၇ ရက်နေ့က ပြုလုပ်ခဲ့သည့် တော်လှန်ရေးကာလအတွင်း စွမ်းစွမ်းတမံ ထမ်းဆောင်ခဲ့ကြသည့် တော်လှန်ရေး ရဲဘော် စုစုပေါင်း ၁,၇၉၂ ဦးကို NUG ၏ စစ်ဘက်ဆိုင်ရာ သူရဲကောင်း ဘွဲ့၊ ဆုနှင့် တံဆိပ် ချီးမြှင့်ပွဲတွင် “ပြည်သူ့တော်လှန်ရေး သူရဲကောင်းဘွဲ” ရရှိခဲ့သူ ၂၁ ဦးစာရင်း၌ ပါဝင်ခဲ့ခြင်းဖြစ်သည်။ NUG ၏ စစ်ဘက်ဆိုင်ရာ ဘွဲ့/ဆုတံဆိပ် ချီးမြှင့်ပွဲတွင် ပြည်သူ့တော်လှန်ရေး ဂုဏ်ဆောင်ဘွဲ့ (HPR) ၁ ဦး၊ ပြည်သူ့တော်လှန်ရေး သူရဲကောင်းဘွဲ့ (LPR) ၂၁ ဦး၊ ပြည်သူ့ဇာနည်ဆု (PMNS) ၁,၆၄၇ ဦး၊ ပြည်သူ့သားကောင်းဆု (PMLS) ၈၁ ဦးနှင့် တော်လှန်ရေးအမှုထမ်းကောင်းတံဆိပ် (BRS) ၄၂ ဦးအပြင် စစ်ဒေသနှင့် တပ်ရင်း/တပ်ဖွဲ့အလိုက် ချီးမြှင့်မှု ၄၅ ဖွဲ့ကို ပေးအပ်ခဲ့ခြင်းဖြစ်သည်။ အဆိုပါ အသိအမှတ်ပြုခံရမှုနှင့် ပတ်သက်၍ မြန်မာမွတ်စ်လင်မ် တော်လှန်ရေးအင်အားစုက တော်လှန်ရေး၏ လက်နက်စွဲကိုင် တိုက်ပွဲဝင်သည့် ကဏ္ဍမှ မြင့်မြတ်စွာ ကျဆုံးခဲ့ကြသည့် ရဲဘော်များ၏ တိုက်ပွဲဝင်မှုကို စစ်မှန်စွာ အသိအမှတ်ပြုနိုင်ရန် ပန်းတိုင်ရောက်သည်အထိ ဆက်လက် လျှောက်လှမ်း သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။ ထို့အပြင် နွေဦးတော်လှန်ရေး အပါအဝင် ခေတ်အဆက်ဆက် တိုင်းပြည်လွတ်မြောက်ရေးအတွက် လက်နက်စွဲကိုင် တိုက်ပွဲဝင်ရင်း မြင့်မြတ်စွာ ကျဆုံးခဲ့ကြသည့် အစ္စလာမ်ဘာသာဝင် ရဲဘော်ပေါင်း များစွာ (ရှဟီဒီအာဇာနည်များ) ၏ ပေးဆပ်မှုကိုလည်း ခေတ်အဆက်ဆက် လက်ဆင့်ကမ်း အသိ အမှတ်ပြု မှတ်တမ်းတင်သွားရန် လိုအပ်ကြောင်း MMRF နှင့် အဘာဘီးလ် ရဲဘော်များက အသိပေး ထုတ်ပြန်ထားသည်။ ပုံစာ-တပ်ခွဲမှူး ရဲဘော် ငတေ(ခ) မိုဟမ္မဒ်နို့အ်မာန် ။ Post navigation တောင်တရုတ်ပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် လေဖိအားနည်းစနစ်များ ပြိုင်တူ ဖြစ်ပေါ်နိုင်၍ ထိုင်းနယ်စပ်တစ်လျှောက် ရေကြီးမြေပြိုအန္တရာယ် သတိပေး၊ ဟင်္သာတနှင့် ဇလွန်တို့တွင် စိုးရိမ်ရေအမှတ်သို့ ရောက်ရှိနိုင် စင်းခန်းတံတားတိုက်ပွဲတွင် ဖမ်းမိသည့် ဗိုလ်ကြီး ၂ ဦးနှင့် လက်နက်ကိုင်အင်အား ၁၁၈ ဦး အပါအဝင်စစ်သုံ့ပန်း ၁၅၁ ဦးကို နိုင်ငံတကာဥပဒေနှင့် အညီစောင့်ရှောက်ထားကြောင်း KIA ထုတ်ပြန်