မောင်မောင်ကဲ/PSM(News) ဇူလိုင် ၁၀၊ ၂၀၂၆ စစ်အစိုးရခေတ်အဆက်ဆက်တွင် အမျိုးသားရေးဝါဒ ဖြန့်ချိရေးအတွက် အသုံးချခံခဲ့ရသူ ရန်ကုန် ပညာရေးတက္ကသိုလ် ပါမောက္ခဟောင်း ဒေါက်တာမတင်ဝင်း အသက် (၈၆) နှစ်သည် ယနေ့ ဇူလိုင်လ ၁၀ ရက် နံနက် ၇ နာရီက ရန်ကုန်မြို့ မင်္ဂလာဒုံ ကုတင်(၁၀၀၀) စစ်ဆေးရုံတွင် ကွယ်လွန်သွားကြောင်း ၎င်းနှင့် နီးစပ်သူများထံမှ သိရသည်။ ကွယ်လွန်သူ ဒေါက်တာမတင်ဝင်း၏ ရုပ်အလောင်းကို လာမည့် ဇူလိုင်လ ၁၂ ရက် မွန်းလွဲ ၁ နာရီတွင် ရန်ကုန်မြို့၊ မင်္ဂလာဒုံ စစ်ဆေးရုံ “ငြိမ်းအေးဇရပ်” မှတစ်ဆင့် မင်္ဂလာဒုံ စစ်သင်္ချိုင်းသို့ ပို့ဆောင် မီးသင်္ဂြိုဟ်မည်ဖြစ်သည်။ ဒေါက်တာမတင်ဝင်းကို ၁၉၄၀ ပြည့်နှစ်တွင် မကွေးတိုင်း၊ မင်းဘူးခရိုင်၊ ဆင်ဖြူကျွန်းမြို့၌ အဖ ဦးဘဌေး၊ အမိ ဒေါ်ရင်ရင်တို့မှ မွေးဖွားခဲ့ပြီး ၁၉၅၆ ခုနှစ်တွင် ရေနံချောင်းမြို့ အထက (၁) မှ တက္ကသိုလ်ဝင်တန်း အောင်မြင်ခဲ့သည်။ ၁၉၆၁ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်မှ ဝိဇ္ဇာဘွဲ့ရရှိခဲ့ပြီး ရုရှားတွင် သွားရောက် ပညာသင်ကြားခဲ့သည့် ဆိုခေတ်အခေါ် ဆိုဗီယက်ပြန် တစ်ဦးဖြစ်သည်။ ၁၉၇၀ ပြည့်နှစ်တွင် ရန်ကုန်တက္ကသိုလ်၌ ပါရဂူဘွဲ့ (Ph.D) ရရှိခဲ့ပြီးနောက် ရန်ကုန်ပညာရေးတက္ကသိုလ်တွင် ပါမောက္ခအဖြစ် တာဝန်ထမ်း ဆောင်ခဲ့သည်။ ၁၉၆၈ ခုနှစ်တွင် ပညာတန်ဆောင်မဂ္ဂဇင်း၌ ပညာရေးဆောင်းပါးများရေးသား၍ စာပေလောက အတွင်းသို့ စတင်ဝင်ရောက်ခဲ့ပြီး သမိုင်း၊ နိုင်ငံရေးနှင့် လူငယ်ရေးရာ စာအုပ်ပေါင်းများစွာ ရေးသားခဲ့သည်။ ဒေါက်တာမတင်ဝင်းသည် “ကုန်းဘောင်ကိုဆန်၍” စာအုပ်ဖြင့် ၂၀၀၁ ခုနှစ် အမျိုးသားစာပေဆု၊ “အာရှနိုင်ငံများကိုဖဲ့ယူသိမ်းယူခဲ့ကြသောနယ်ချဲ့များ” စာအုပ်ဖြင့် ၂၀၀၃ ခုနှစ် အမျိုးသားစာပေဆု၊ ၂၀၀၄ ခုနှစ်တွင် “မင်းယောက်ျားတို့၏စကားရာဇဝင်” စာအုပ်ဖြင့် အမျိုးသားစာပေဆု (စာပဒေသာ) နှင့် ၂၀၂၁ ခုနှစ်တွင် အမျိုးသားစာပေ တစ်သက်တာစာပေဆုများ ရရှိခဲ့သည်။ ထို့အပြင် လက်ရှိအာဏာလုစစ်အုပ်စုကလည်း ဒေါက်တာမတင်ဝင်း ကို ၂၀၂၂ ခုနှစ် နိုဝင်ဘာလတွင် “အလင်္ကာကျော်စွာဘွဲ့” ကိုလည်းကောင်း၊ ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၄ ရက် လွတ်လပ်ရေးနေ့တွင် “စည်သူဘွဲ့” ကိုလည်းကောင်း ချီးမြှင့်ခဲ့သည်။ ဒေါက်တာမတင်ဝင်းသည် နဝတနှင့် နအဖ စစ်အစိုးရခေတ် တစ်လျှောက်လုံးတွင် စစ်အုပ်စု၏ အလိုကျ စစ်ပဒေသရာဇ် အခြေခံအမျိုးသားရေးသမိုင်းကို ပုံဖော်ပေးခဲ့သည့် ဝါဒဖြန့်စာရေးဆရာတစ်ဦးအဖြစ် ထင်ရှားခဲ့သည်။ အထူးသဖြင့် ၂၀၀၀ ပြည့်နှစ်မှ ၂၀၀၂ ခုနှစ်အတွင်း မြန်မာ-ထိုင်းနယ်စပ် စစ်ရေးတင်းမာမှုများ ဖြစ်ပွားချိန်တွင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ မြန်မာစစ်တပ်က ပြည်တွင်း၌ ထိုင်းဆန့်ကျင်ရေးဝါဒ မြှင့်တင်ရန်အတွက် ဒေါက်တာမတင်ဝင်းကို ပင်တိုင်အသုံးပြုကာ နိုင်ငံပိုင်သတင်းစာများ၌ လူမျိုး ရေးမုန်းတီးမှု လှုံ့ဆော်သည့် ယိုးဒယားလို့ ခေါ်တယ်၊ အယုဒ္ဓယသားတို့၏ ကျေးဇူးရှင် စသည့် “ယိုးဒယားဆန့်ကျင်ရေး ဆောင်းပါးများ” ကို အခန်းဆက် ရေးသားစေခဲ့သည်။ အထူးသဖြင့် လူငယ်များအကြား မျိုးချစ်စိတ်ဓာတ် ထက်သန်စေရန် ဟူသော ခေါင်းစဉ်ဖြင့် အိမ်နီးချင်းနိုင်ငံအပေါ် “ရန်ငြိုးနှင့် အမုန်းတရား” စိမ့်ဝင်စေမည့် စာပေမျိုးကို ကျောင်းသင်ရိုးများတွင် ပြဋ္ဌာန်းခြင်းမပြုရန်နှင့် အပြုသဘောမဆောင်သည့် စာပေအဖြစ် ဝေဖန်ရေးသားခဲ့ကြသည်။ ထို့ပြင် ဒေါက်တာမတင်ဝင်းသည် နိုင်ငံတော်ကာကွယ် ရေးတက္ကသိုလ် (NDC) တွင် အကြံပေး တာဝန်ယူခြင်းနှင့် အမျိုးသားစာပေဆုများ အကြိမ်ကြိမ် ချီးမြှင့်ခံရခြင်းတို့ကြောင့် စစ်အာဏာရှင် စနစ်၏ ဝါဒဖြန့်ချိရေးယန္တရားတွင် ပါဝင်ကူညီသူတစ်ဦးအဖြစ် ဝေဖန်ခဲ့ကြသည်။ ထို့ကြောင့် ဒေါက်တာမတင်ဝင်းသည် စာပေအတတ်ပညာပိုင်းအရ ချီးကျူးဖွယ်ရာ ဖြစ်သော်လည်း နိုင်ငံရေးနှင့် သမိုင်းအမြင်ပိုင်းတွင်မူ အငြင်းပွားဖွယ်ရာ အစွန်းရောက်အမျိုးသားရေး ဝါဒကို ပံ့ပိုးခဲ့သူ အဖြစ် မှတ်တမ်းတင်ခြင်း ခံထားရသူ ဖြစ်သည်။ Post navigation လားရှိုးမြို့ပေါ် ရပ်ကွက်များနှင့် အာဏာလုစစ်တပ်၏ ရမခ ဌာနချုပ်ထဲသို့ ရှော့ခ်တိုက်ဒုံးများ ကျရောက်ပေါက်ကွဲ၊ အမျိုးသမီး ၁ ဦး သေဆုံး အိမ်ထောင်သက် ၁၀ နှစ်နီးပါးကြာ ရင်သွေးမရခဲ့သည့် စစ်ရှောင်ဇနီးမောင်နှံမှ ယောက်ျားလေး သုံးမွှာပူး မွေးဖွား၊ စစ်ကိုင်းစစ်ရှောင်စခန်းတွင် CDM ကျန်းမာရေးဝန်ထမ်းများက အောင်မြင်စွာမွေးပေးခြင်းဖြစ်