PSM(News)

ဇူလိုင် ၁၀၊၂၀၂၆

အီရန်နိုင်ငံ၏ ကွယ်လွန်သူ ခေါင်းဆောင်ကြီး အာယာတိုလာ အလီ ခါမေနီ၏ ဈာပနအခမ်းအနားသည် ကြာသပတေးနေ့တွင် နိုင်ငံ၏ အမြင့်မြတ်ဆုံး ဂူဗိမာန်သို့ ရောက်ရှိလာခဲ့ပြီး နောက်ဆုံးဂုဏ်ပြု မြှုပ်နှံရန် ပြင်ဆင်နေပြီဖြစ်သည်။ လူအုပ်ကြီးကြားတွင် “ကျွန်ုပ်တို့ ထရမ့်ကို သတ်မည်” ဟု ရေးသားထားသော ဧရာမ ပိုစတာကြီးကို ချိတ်ဆွဲထားသည်ကို တွေ့မြင်ခဲ့ရသည်။

ဈာပန အခမ်းအနားများ၏ အထွတ်အထိပ်သို့ ရောက်ရှိလာချိန်တွင် ခေါင်းဆောင်ကြီး ၏ အရိုက်အရာကို ဆက်ခံသူ သားဖြစ်သူ မိုဂျတာဘာ ခါမေနီမှာမူ ၎င်း၏ဖခင် သေဆုံးခဲ့ရသည့် တိုက်ခိုက်မှုအတွင်း မျက်နှာပျက်စီးသွားခဲ့ရပြီးနောက် လူမြင်ကွင်းသို့ ထွက်ပေါ်လာခြင်း မရှိသေးပေ။ ယင်းမှာ အီရန်နိုင်ငံအတွင်း လွှမ်းမိုးနေဆဲဖြစ်သော မတည်ငြိမ်မှုများကို ပြသနေသည်။

ခါမေနီ၏ ရုပ်ကလာပ်ကို ထရပ်ကားဖြင့် မတ်ရှ်ဟတ်မြို့ လမ်းမများတစ်လျှောက် အီမာမ် ရီဇာ ဂူဗိမာန်သို့ ဖြည်းညှင်းစွာ သယ်ဆောင်သွားခဲ့ပြီး ဘာသာရေးခေါင်းဆောင်များက လိုက်ပါပို့ဆောင်ခဲ့သည်။ ဝမ်းနည်းခြင်း အထိမ်းအမှတ် အနက်ရောင်ဝတ်ဆင်ထားသော လူအုပ်ကြီးသည် အီရန်နိုင်ငံတော်အလံများ၊ ကွယ်လွန်သူ ခါမေနီ၏ ဓာတ်ပုံများနှင့် တော်လှန်ရေး ဆောင်ပုဒ်များပါသော ပိုစတာများကို ကိုင်ဆောင်ကာ လိုက်ပါခဲ့ကြသည်။

အမေရိကန်နှင့် တင်းမာမှုများမှာ အပစ်အခတ်ရပ်စဲရေး ရှိသော်လည်း ယခုတစ်ပတ်အတွင်း ပြန်လည်မြင့်တက်လာခဲ့သည်။ အီရန်သည် ဟော်မုဇ် ရေလက်ကြားကို ဆက်လက်ထိန်းချုပ်ထားပြီး အင်အားကြီးမားသော ရန်သူများ၏ တိုက်ခိုက်မှုကို ခံနိုင်ရည်ရှိခဲ့သည့်အတွက် ၎င်းတို့၏ အောင်ပွဲဟု ကြွေးကြော်လျက်ရှိသည်။

အီရန်အာဏာပိုင်များသည် ခါမေနီ၏ ဈာပနနှင့် တက်ရောက်လာသူ လူအုပ်ကြီးကို ပြသခြင်းအားဖြင့် ၁၉၇၉ ခုနှစ် တော်လှန်ရေးနောက်ပိုင်း ၎င်းတို့၏ဘာသာရေးအုပ်ချုပ်မှု စနစ်၏ လူကြိုက်များမှုနှင့် ခိုင်မာမှုကို သက်သေပြရန် ကြိုးပမ်းလျက်ရှိသည်။

သို့သော်လည်း အီရန်သည် ပြည်တွင်း၌ စီးပွားရေး အကျပ်အတည်းနှင့် ငြင်းပွားဖွယ်ရာ အမွေအနှစ်များကြောင့် စိန်ခေါ်မှုများစွာနှင့် ရင်ဆိုင်နေရသည်။

မိုဂျတာဘာ ခါမေနီကို ဖခင်ဖြစ်သူ ကွယ်လွန်ပြီး တစ်ပတ်အကြာတွင် ဘာသာရေး ကောင်စီက ခေါင်းဆောင်ကြီးအဖြစ် ကြေညာခဲ့သော်လည်း ၎င်း၏ ရှိနေသည့်နေရာမှာ လျှို့ဝှက်ချက်တစ်ခု ဖြစ်နေဆဲဖြစ်သည်။ ဖေဖော်ဝါရီ ၂၈ ရက်က တိုက်ခိုက်မှုဖြစ်ပွားပြီးနောက်ပိုင်း ၎င်းကို လူမြင်ကွင်းတွင် မတွေ့ရတော့ပေ။

လုံခြုံရေးအရ ၎င်းကို လူမြင်ကွင်းသို့ ထွက်ခွာခြင်းမှ တားမြစ်ထားပြီး ထိခိုက်ဒဏ်ရာများမှ ပြန်လည်သက်သာလာစေရန် လုပ်ဆောင်နေကြောင်း တီဟီရန်မြို့ရှိ အဆင့်မြင့်သတင်းရင်းမြစ်များက ပြောကြားသည်။

ဈာပနသို့ တက်ရောက်လာသော လူအုပ်ကြီးကမူ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်အား လက်စားချေရန် ကြွေးကြော်ခဲ့ကြသည်။ “ခေါင်းဆောင်ကြီး ရဲ့ သွေးကို အကြောင်းပြုပြီး ကျိန်ဆိုလိုက်တယ်၊ ထရမ့်… မင်းကို ငါတို့ သတ်မယ်” ဟု ဟစ်အော်ကြပြီး အမျိုးသမီးများကလည်း “ထရမ့်ကို သတ်” ဟု ရေးသားထားသော ပိုစတာများကို ကိုင်ဆောင်ထားကြသည်။

ကိုးကား-Reuters

By Htet Ko

Leave a Reply

Your email address will not be published. Required fields are marked *

You missed