PSM(News) ဇူလိုင် ၁၀၊၂၀၂၆ ထိုင်းမူးယစ်ဆေးဝါးထိန်းချုပ်ရေးဘုတ်အဖွဲ့ (ONCB) သည် ဩစတြေးလျနိုင်ငံတွင် မကြာသေးမီက ဖမ်းဆီးခံခဲ့ရသည့် ထိုင်းလေကြောင်းလိုင်းမှ လေယာဉ်မယ်တစ်ဦးအပါအဝင် လူများကို အသုံးပြု၍ တတိယနိုင်ငံများသို့ ဘိန်းဖြူများ မှောင်ခိုတင်ပို့ခဲ့သည်ဟု သံသယရှိသည့် လာအိုနိုင်ငံသား (၂) ဦးကို ဖမ်းဝရမ်းထုတ်ပေးရန် တောင်းဆိုထားသည်။ အကယ်၍ ရာဇဝတ်တရားရုံးက ဖမ်းဝရမ်းကို အတည်ပြုပေးပါက ထိုင်းအာဏာပိုင်များသည် အဆိုပါ လာအိုနိုင်ငံသား (၂) ဦးကို ဖမ်းဆီးရန်နှင့် လာအိုနိုင်ငံမှတစ်ဆင့် လွှဲပြောင်းပေးရန် ချက်ချင်းတောင်းဆိုနိုင်မည်ဖြစ်ကြောင်း ONCB ၏ ဒုတိယအတွင်းရေးမှူးချုပ် မစ္စ အရီးပက် ငွေဘမ်ရုန် က ကြာသပတေးနေ့တွင် ပြောကြားခဲ့သည်။ မစ္စ အရီးပက်၏ ပြောကြားချက်အရ အသက် (၄၀) နှင့် (၅၀) ကြားရှိ လာအိုနိုင်ငံသား (၂) ဦးသည် မဲခေါင်မြစ်ကြောင်းမှတစ်ဆင့် ထိုင်းနိုင်ငံအတွင်းသို့ မူးယစ်ဆေးဝါးများ တင်သွင်းရန်နှင့် သယ်ယူပို့ဆောင်ပေးမည့်သူများကို ငှားရမ်းခိုင်းစေခဲ့သည်ဟု သံသယရှိကြောင်း သိရသည်။ ထိုင်းနိုင်ငံသား သံသယရှိသူများသည် မှောင်ခိုတင်သွင်းလာသည့် မူးယစ်ဆေးဝါးများကို မူးယစ်ဆေးဝါး သိုလှောင်ရုံများသို့ ယူဆောင်သွားပြီး ထုပ်ပိုးကြသည်။ ထိုသို့ထုပ်ပိုးပြီးနောက် လေယာဉ်မယ်များနှင့် ခရီးသွားများအပါအဝင် ပို့ဆောင်ပေးမည့်သူများထံသို့ ပေးအပ်ကာ တတိယနိုင်ငံများသို့ သယ်ဆောင်စေခြင်းဖြစ်သည်။ “မီးနား” ဟုသာ သိရသည့် ထိုင်းလေကြောင်းလိုင်းမှ အသက် (၂၆) နှစ်အရွယ် လေယာဉ်မယ်တစ်ဦးကို ဇွန်လ ၂၅ ရက်နေ့က မဲလ်ဘုန်းလေဆိပ်တွင် ဘိန်းဖြူ ၁.၈ ကီလိုဂရမ်နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။ သူမသည် အင်တာနက်မှတစ်ဆင့် ဘတ် ၃,၄၀၀ ရရှိမည်ဟု ကမ်းလှမ်းခံရပြီး ဆင်ပုံနှင့် “Thailand” ဟူသော စာတန်းပါသည့် အိတ် (၁၂) လုံးကို မဲလ်ဘုန်းမြို့သို့ သယ်ဆောင်ပေးရန် ငှားရမ်းခံခဲ့ရခြင်းဖြစ်သည်။ အဆိုပါ ဘိန်းဖြူများကို အိတ်များ၏ အတွင်းဘက်တွင် စနစ်တကျ ချုပ်နှောင်ထားခြင်းဖြစ်သည်။ မစ္စ မီးနားသည် လက်ရှိတွင် မဲလ်ဘုန်းမြို့၌ ချုပ်နှောင်ခံထားရပြီး စက်တင်ဘာလ ၁၄ ရက်နေ့တွင် တရားရုံး၌ ပထမဆုံးအကြိမ် ရင်ဆိုင်ရမည်ဖြစ်သည်။ အကယ်၍ ပြစ်မှုထင်ရှားပါက သူမအနေဖြင့် ထောင်ဒဏ် (၂၅) နှစ်အထိ ချမှတ်ခံရနိုင်သည်။ မစ္စ အရီးပက်က လာအိုနိုင်ငံသား သံသယရှိသူများ ဦးဆောင်သည့် မူးယစ်ဂိုဏ်းသည် မတူညီသောလုပ်ငန်းစဉ်များအတွက် မတူညီသော လူစုများကို အသုံးပြုကြောင်း၊ အဆိုပါ လူစုများသည် တစ်ဦးနှင့်တစ်ဦး မသိရှိကြဘဲ သီးခြားစီသာ အမိန့်ပေးခံရကြောင်း စုံစမ်းစစ်ဆေးသူများက တွေ့ရှိခဲ့ရသည်ဟု ဆိုသည်။ ၎င်းသည် ဂိုဏ်း၏လုပ်ငန်းဆောင်တာများကို ကာကွယ်ပေးပြီး အဓိကတရားခံများကို ဖော်ထုတ်ရန် အာဏာပိုင်များ၏ ကြိုးပမ်းမှုကို အခက်အခဲဖြစ်စေသည်။ မီးနား၏ အမှုတွင် “Rin Rin” ဟု အမည်ရသည့် Facebook အသုံးပြုသူတစ်ဦးက လေယာဉ်မယ်ထံသို့ အဆိုပါအိတ်များ ပေးပို့ရန် လူတစ်ဦးကို စေခိုင်းခဲ့ပြီး၊ “Rose Rose” ဟု အမည်ရသည့် အခြား Facebook အသုံးပြုသူတစ်ဦးက မီးနားနှင့် ဆက်သွယ်ကာ မဲလ်ဘုန်းသို့ သယ်ဆောင်ပေးရန် ငှားရမ်းခဲ့ခြင်းဖြစ်သည်။ အဆိုပါ ဂိုဏ်းသည် ဘန်ကောက်တွင် သိမ်းဆည်းရမိခဲ့ပြီး ဩစတြေးလျနှင့် ထိုင်ဝမ်နိုင်ငံများသို့ မှောင်ခိုတင်ပို့ရန် ကြိုးပမ်းခဲ့သည့် ဘိန်းဖြူမှု (၄) မှုနှင့် ဆက်စပ်နေကြောင်း ONCB က ယခင်က ထုတ်ပြန်ခဲ့သည်။ ကိုးကား-Bangkok Post Post navigation တရုတ်နိုင်ငံတွင်ဖိနပ်စက်ရုံမီးလောင်မှုကြောင့် လူ ၂၈ ဦး သေဆုံး အီရန်၏ ကွယ်လွန်သူ ခေါင်းဆောင်ကြီး အလီ ခါမေနီ၏ ရုပ်ကလာပ်ကို ဂူဗိမာန်၌ မြှုပ်နှံရန် သယ်ဆောင်သွား