PSM (News)

ဇူလိုင် ၁၀၊၂၀၂၆

တရုတ်နိုင်ငံ အရှေ့ပိုင်း ဖူကျန့် ပြည်နယ်တွင် ကြာသပတေးနေ့က ဖြစ်ပွားခဲ့သော ကြီးမားသည့် ဖိနပ်စက်ရုံမီးလောင်မှုအတွင်း လူ ၂၈ ဦး သေဆုံးသွားခဲ့ကြောင်း နိုင်ငံပိုင်သတင်းဌာန ရှင်ဟွာ (Xinhua) က ဖော်ပြခဲ့သည်။

တရုတ်သမ္မတ ရှီကျင့်ဖျင်က ထိခိုက်နစ်နာသူများကို အကောင်းဆုံးကယ်ဆယ်ကုသပေးရန်နှင့် မီးလောင်မှုဖြစ်ပွားရသည့် အကြောင်းရင်းကို အမြန်ဆုံးစုံစမ်းစစ်ဆေးပြီး တာဝန်ရှိသူများကို အရေးယူရန် ညွှန်ကြားထားသည်။

အဆိုပါမီးလောင်မှုမှာ ကြာသပတေးနေ့ မွန်းလွဲ ၁၂ နာရီ ၄ မိနစ်အချိန်တွင် ချန်ဒိုင် မြို့နယ်၊ဂျင်ကျန်း မြို့၊ ကျန်းတိုး ရွာရှိ ကိုင်တိုလမ်းမပေါ်တွင် တည်ရှိသော ဟွေတိန် ဖိနပ်စက်ရုံ၌ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ချွမ်ကျိုးမြို့ရှိ မီးသတ်တပ်ဖွဲ့ဝင် ၁၈၃ ဦးနှင့် မီးသတ်ယာဉ် ၃၅ စီးတို့ဖြင့် အရေးပေါ် ကယ်ဆယ်ရေးလုပ်ငန်းများကို လုပ်ဆောင်ခဲ့ရာ ကြာသပတေးနေ့ ညနေပိုင်းတွင် မီးကို ထိန်းချုပ်နိုင်ခဲ့ကြောင်း နိုင်ငံပိုင်ရုပ်သံ CCTV က သတင်းထုတ်ပြန်ထားသည်။

လူမှုကွန်ရက်တွင် ပျံ့နှံ့နေသော ဗီဒီယိုမှတ်တမ်းများအရ စက်ရုံအတွင်းမှ မီးတောက်များ ထွက်ပေါ်နေပြီး အမည်းရောင်မီးခိုးများ အူထွက်နေသည်ကို တွေ့ရသည်။ အဆောက်အအုံခေါင်မိုးပေါ်တွင် ပိတ်မိနေသူများက အကူအညီတောင်းခံနေသည့် မြင်ကွင်းများနှင့်အတူ ကယ်ဆယ်ရေးလုပ်ငန်းများတွင် ရဟတ်ယာဉ်ကိုပါ အသုံးပြုခဲ့ကြောင်း မျက်မြင်သက်သေများက ပြောကြားသည်။

ကိုးကား-SCMP

By Htet Ko

Leave a Reply

Your email address will not be published. Required fields are marked *

You missed