PSM(News)

ဇူလိုင် ၁၀၊၂၀၂၆

၂၀၂၄ ခုနှစ်တွင် တိုတောင်းလှသော စစ်အုပ်ချုပ်ရေးအမိန့်ထုတ်ပြန်ခဲ့မှုနှင့် ဆက်စပ်၍ တောင်ကိုရီးယားသမ္မတဟောင်း ယွန်းဆော့ယောအား ချမှတ်ထားသည့် ထောင်ဒဏ် ၇ နှစ်ကို တရားရုံးချုပ်က ကြာသပတေးနေ့တွင် အတည်ပြုလိုက်သည်။ ယင်းသည် ၎င်းနှင့်ပတ်သက်သော ရာဇဝတ်မှုဆိုင်ရာ တရားရင်ဆိုင်မှုများတွင် အမြင့်ဆုံးတရားရုံးသို့ ရောက်ရှိလာသည့် ပထမဆုံးအမှုဖြစ်သည်။

ယခင်က ဆိုးလ်အဆင့်မြင့်တရားရုံး၏ ဧပြီလအတွင်း ချမှတ်ခဲ့သည့် အမိန့်ကို တရားရုံးချုပ်က အတည်ပြုခဲ့ခြင်းဖြစ်သည်။ အဆိုပါစီရင်ချက်အရ သမ္မတဟောင်း ယွန်းဆော့ယောသည် စစ်အုပ်ချုပ်ရေးမထုတ်ပြန်မီ ဝန်ကြီးအဖွဲ့ဝင်များ၏ ဆွေးနွေးတိုင်ပင်ပိုင်ခွင့်ကို ချိုးဖောက်ခဲ့ခြင်း၊ အမှားအယွင်းများကို ဖုံးကွယ်ရန် တရားဝင်ကြေညာချက်ကို အတုပြုလုပ်ခဲ့ခြင်း၊ နောက်ပိုင်းတွင် အဆိုပါစာရွက်စာတမ်းကို ဖျက်ဆီးခဲ့ခြင်းနှင့် ရာထူးမှဖြုတ်ချခံရပြီးနောက် ရက်သတ္တပတ်အနည်းငယ်အကြာတွင် ၎င်းအား ဖမ်းဆီးရန် ဆောင်ရွက်သည့် တရားဥပဒေစိုးမိုးရေးအဖွဲ့များကို တရားမဝင် ခုခံရန် သမ္မတလုံခြုံရေးတပ်ဖွဲ့များကို စေခိုင်းခဲ့ခြင်းတို့အတွက် ပြစ်မှုထင်ရှားကြောင်း တွေ့ရှိရသည်။

သမ္မတဟောင်း ယွန်းဆော့ယောသည် လက်ရှိတွင် ဖမ်းဆီးခံထားရပြီး အဆိုပါနောက်ဆုံးအမိန့်ချမှတ်သည့်ရုံးချိန်းသို့ တက်ရောက်ခြင်းမရှိပေ။ ၎င်းသည် အခြားသော အမှုပေါင်းများစွာဖြင့် ဆက်လက်တရားရင်ဆိုင်နေရဆဲဖြစ်ပြီး အဆိုးရွားဆုံးပြစ်မှုဖြစ်သည့် “နိုင်ငံတော်သစ္စာဖောက်မှု” အတွက် ချမှတ်ခံထားရသော တစ်သက်တစ်ကျွန်းထောင်ဒဏ်ကိုလည်း အယူခံဝင်ထားသည်။

သမ္မတဟောင်း ယွန်းဆော့ယော၏ ရှေ့နေအဖွဲ့ကမူ တရားရုံးချုပ်၏ ဆုံးဖြတ်ချက်အပေါ် “အလွန်အမင်း စိတ်မကောင်းဖြစ်ရကြောင်း” ထုတ်ဖော်ပြောကြားခဲ့ပြီး တရားသူကြီးများသည် လုံလောက်သော ပြန်လည်သုံးသပ်ခြင်းမရှိဘဲ အရေးကြီးသောအမှုကို အပြီးသတ်လိုက်ခြင်းဖြစ်ကြောင်း စွပ်စွဲပြောဆိုသည်။

ယွန်းဆော့ယောသည် စစ်အုပ်ချုပ်ရေးကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၃ ရက် ညသန်းခေါင်ကျော်တွင် ရုပ်မြင်သံကြားမှတစ်ဆင့် ကြေညာခဲ့သော်လည်း၊ ထိုအချိန်က ဝန်ကြီးချုပ်ဖြစ်သူ ဟန်ဒက်ဆူး အပါအဝင် တက်ရောက်ခဲ့သည့် ဝန်ကြီးအချို့က ၎င်းတို့အနေဖြင့် ဆွေးနွေးတိုင်ပင်မှုမရှိဘဲ တစ်ဖက်သတ်အသိပေးချက်သာ ရရှိခဲ့ကြောင်း ထွက်ဆိုခဲ့ကြသည်။

တိုတောင်းလှသည့် စစ်အုပ်ချုပ်ရေးကာလဖြစ်သော်လည်း ယင်းဖြစ်ရပ်သည် တောင်ကိုရီးယားနိုင်ငံကို နိုင်ငံရေးအကျပ်အတည်းဆိုက်စေခဲ့ပြီး နိုင်ငံရေးနှင့် သံတမန်ရေးရာများကို တုံ့ဆိုင်းသွားစေကာ ငွေကြေးဈေးကွက်ကိုလည်း ရိုက်ခတ်မှုများရှိခဲ့သည်။ ၂၀၂၅ ခုနှစ် ဇွန်လတွင် ၎င်း၏ ပြိုင်ဘက်ဖြစ်သူ လီဂျေမြောင် က သမ္မတရွေးကောက်ပွဲတွင် အနိုင်ရရှိပြီးနောက်ပိုင်းတွင်မှ နိုင်ငံရေးအခြေအနေများ ပြန်လည်ငြိမ်သက်လာခဲ့သည်။

ကိုးကားAP

By Htet Ko

Leave a Reply

Your email address will not be published. Required fields are marked *

You missed