PSM(NEWS)

ဇွန် ၁၀၊ ၂၀၂၆

ထိုင်ဝမ်နိုင်ငံ၊ ဟဆင်ကျူး မြို့ရှိ လူနေအိမ်တစ်လုံးတွင် ဇွန်လ (၉)ရက်၊အင်္ဂါနေ့နံနက်အစောပိုင်းက ဂက်စ်ပေါက်ကွဲမှုဟု သံသယရှိရသည့်ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ရာ လူ (၂) ဦး သေဆုံးပြီး (၂) ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဟဆင်ကျူးမြို့ မီးသတ်ဌာနက ထုတ်ပြန်လိုက်သည်။

မီးသတ်ဌာနသည် နံနက် (၃) နာရီ (၅၂) မိနစ်အချိန်တွင် ဂက်စ်ယိုစိမ့်မှုဖြစ်ပွားနေကြောင်း သတင်းရရှိခဲ့ပြီး နံနက် (၄) နာရီ (၅) မိနစ်တွင် ကယ်ဆယ်ရေးအဖွဲ့များ ရောက်ရှိချိန်၌ ကြီးမားသော ပေါက်ကွဲမှုဖြစ်ပွားထားသည်ကို အတည်ပြုနိုင်ခဲ့သည်။ပေါက်ကွဲမှု အတိအကျ ဖြစ်ပွားသည့်အချိန်ကိုမူ မသိရှိရသေးပေ။

အဆိုပါဖြစ်စဉ်ကြောင့် အသက် (၆၅) နှစ်အရွယ် အမျိုးသားတစ်ဦးနှင့် အသက် (၅၈) နှစ်အရွယ် အမျိုးသမီးတစ်ဦးတို့သည် ဆေးရုံသို့ရောက်ရှိချိန်တွင် အသက်ရှူရပ်ဆိုင်းသွားခဲ့ပြီး သေဆုံးကြောင်း အတည်ပြုခဲ့သည်။ ဟဆင်ကျူးမြို့တော်ဝန် ကောင်ဟုန်းအန်း ၏ ပြောကြားချက်အရ အိမ်ထောင်စု (၈) စုနှင့် ဒေသခံ (၁၈) ဦးခန့် ထိခိုက်မှုရှိခဲ့ကြောင်း၊ သို့သော်လည်း အချို့မှာ အခင်းဖြစ်ပွားချိန်တွင် နေအိမ်၌ မရှိသည့်အတွက် အတည်ပြုရန် ဆက်လက်လုပ်ဆောင်နေကြောင်း သိရသည်။

မြို့တော်ဝန်က ထိခိုက်နစ်နာသူများအတွက် နေရာချထားရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အရေးပေါ်အဖွဲ့များဖြင့် ညှိနှိုင်းဆောင်ရွက်ပေးလျက်ရှိသည်။ လက်ရှိတွင် ယာယီပိတ်ထားခဲ့ရသည့် လမ်းများကို ပြန်လည်ဖွင့်လှစ်ပေးထားပြီးဖြစ်ကြောင်း ဒေသခံရပ်ကွက်အုပ်ချုပ်ရေးမှူး ကွိုပန်ရှင်းက ပြောကြားခဲ့သည်။

ကိုးကား-Focus Taiwan

By Htet Ko